ချစ်သော အစ်ကိုသို့ (သို့) ကျွန်တော်တို့ရင်မှာအမြဲတမ်း ရှင်သန် နေ သော တောင် တက် သမား တဦး (မှ- ညီငယ်တစ်ဦး)

ချစ်သော အစ်ကိုသို့  (သို့) ကျွန်တော်တို့ရင်မှာအမြဲတမ်း ရှင်သန် နေ သော တောင် တက် သမား တဦး

(မှ- ညီငယ်တစ်ဦး)

တကယ်ဆိုကောင်းကင် တခုလုံး ညို့မှိုင်းပြီး မိုးတွေ သဲသဲ မဲမဲ ရွာနေတဲ့ နေဝင်ခါစ ဒီလို အချိန်လေးဟာ အားငယ် စိတ်၊ ကြောက်လန့်စိတ်တွေ ဖြစ်ဖို့ နှိုး ဆော်နေသလိုပါပဲ။ ဒါပေမဲ့ ၊ ကြောက်လန့်စိတ်တွေ တွေဝေစိတ်တွေအစား ဝမ်းနည်းခြင်း နှမြောလွမ်းဆွတ်ခြင်းတို့သာ ကျွန်တော့ရဲ့ စိတ်အစဉ်မှာ စိုးမိုးလျက်ရှိပါတယ်။ ကျွန်တော့ နေ့စဉ် မှတ်တမ်းစာအုပ်များနဲ့ ဓာတ်ပုံများကို ပြန်လည်ဖတ်ရှူနေရင်းမနှစ်က မိုးတွင်းနေ့တနေ့ကို ပြန်ပြောင်းသတိရ မိလာသောကြောင့်ဖြစ်ပါတယ်။ တိတိကျကျဆိုရရင် ၂၀၀၉ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့ပေါ့။ အဲဒီနေ့ဟာ ကျွန်တော့ အတွက် အလွန်ဝမ်းနည်းကြေကွဲဖွယ်ရာ နေ့တနေ့ ဖြစ်ရတဲ့ နေ့ပါ။ကျွန်တော့ရဲ့ အစ်ကိုတဦး ၊ မိတ်ဆွေကောင်း တဦး ဆုံးရှုံးခဲ့သော နေ့လည်းဖြစ်လို့ပါ။ ဒါတင်မက မြန်မာနိုင်ငံ တောင်တက် သမားများထဲမှ ( Best Climber  ) တစ်ဦး ဆုံးရှုံးသွားသလို မိသားစုအတွက်လည်း မိသားစုဝင်ကောင်းတဦး၊ လူသားကောင်းတဦး ဆုံးရှုံးသွားခြင်း ဖြစ်ပါတယ်။

လွန်ခဲ့သောနှစ် မိုးများစွေနေသော ယခုလို ညနေခင်းမှာ တောင်တက်သမား ကိုကျော်သူရအောင် ရဲ့သတင်းကို ဆရာမျိုးက မျက်ရည်ဝဲစွာနဲ့ ပြောလာပါတယ်။ ” ကြောင်လေး ခရီးထွက်ရင်း ငွေဆောင်မှာ ဆုံးပြီ” တဲ့။ ကျွန်တော် ကြားကြားချင်း မယုံနိုင်ပါ။ ဝမ်းနည်းမှု ၊ နှမြောတသမှုတို့နဲ့ အတူ ယူကြုံးမရ ခံစားမိလျက် မိသားစုဝင်များရဲ့ ခံစားမှုများကို စာနာနေမိပါတယ်။  တက္ကသိုလ်များ ခြေလျင်တောင်တက် အသင်းဝင် အကောင်းဆုံး တောင်တက်သမားတဦး၊လူသားကောင်းတဦး ကျွန်တော်တို့ အားလုံးကို ထာဝရ ခွဲခွါ ရစ်ခဲ့လေပြီ။ ကိုကြောင်လေးရဲ့ အဖြစ်အပျက် ကို ကြားသိရတဲ့ မိတ်ဆွေသင်္ဂဟများနဲ့ တောင်တက်သမား အသိုက်အဝန်း တစ်ခုလုံး နက်ရှိုင်းစွာ ဝမ်းနည်းတုန်လှုပ်ခဲ့ရပါတယ်။  ကျွန်တော့အတွက်တော့ ညီအကိုလို ချစ်ခင်လေးစား ရတဲ့  မိတ်ဆွေကောင်းတစ်ဦး ကျွန်တော့ကိုထားခဲ့သလို ခံစားရပါတယ်။ ဒါပေမဲ့  ကျွန်တော် သူ့အတွက်စိတ်မပူခဲ့ပါ။ သူပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုကံစေတနာ ကောင်းတွေက ပို၍မြင့်မားသော ဘဝများစွာသို့ ဘဝကူးကောင်းစေမယ်လို့ ယုံကြည်လျက်ပါ။

ကို ကြောင်လေး (ခ) ကိုကျော်သူရအောင် ဟာ ကျွန်တော်တို့ အားလုံးရဲ့ စံနမူနာပြုစရာ ပုဂ္ဂိုလ်တစ်ဦးဖြစ်သလို တောင်တက်အသင်းခေတ်မီဖို့ အမြဲတစေ စီစဉ်ကြံဆနေခဲ့သူဖြစ်ပါတယ်။  ကို ကြောင်လေးနဲ့ တွေ့ဖူး၊ သိဖူးတဲ့ လူတိုင်း သူ့ရဲ့ စိတ်အားထက်သန်မှုကို ပြောပြနိုင်ပါ လိမ့်မယ်။ ပြီးတော့ သူက ယဉ်ကျေးသူ ဘာသာတရားကိုင်းရှိုင်းသူ တစ်ဦးလည်းဖြစ်ပါတယ်။  သူ့ရဲ့ အလုပ်တာဝန်နဲ့ မြိုင်ဟေဝန် ၊ ဖိုးကျား စတဲ့ ဆင်စခန်းတွေမှာ တာဝန်ထမ်းဆောင်စဉ်က  မြိုင်ဟေဝန် ဆင်စခန်းက ဆင်ဦးစီးတွေရဲ့ ရင်သွေးတွေ အပါအဝင် ရှင်သာမဏေပေါင်းများစွာကို ဆင်အများဆုံးနဲ့ ရှင်လောင်းလှည့်ပြီး ရှင်ပြုအလှူတော် ဒါယကာ တစ်ဦးအဖြစ်တောင် အလှူအတန်း ရက်ရောခဲ့သူပါ။ ဒါ့အပြင် ထိုးထွင်းတီထွင်မှု ကောင်းသူတစ်ဦးဖြစ်ပြီး တောင်တက်သုံး ပစ္စည်းများ ဖြစ်တဲ့ (Ice Axe) ရေခဲပုဆိန်၊….. (Crampon) ရေခဲစီး ဆူးဖိနပ်တို့ကိုလည်း ကိုယ်တိုင်ဖန်တီးကြိုးစားပြုလုပ်ခဲ့သူဖြစ်တယ်။ တောင်ပေါ်သွားလာရာမှာ အလွန်အသုံးဝင်တဲ့ ရေခဲပုဆိန်တစ်လက်လိုပဲ သူဟာ လူသား အားလုံးအတွက် အသုံးဝင်သူ၊ အားကိုးရသူဖြစ်လေတယ်။ တောင်တက်သမားကြီးငယ်မဟူ ၊ အမြဲလက်တွဲခေါ်သူမို့ အားလုံးရဲ့ ချစ်ခင်ယုံကြည်မှု၊ လေးစားမှုတို့ကို ပိုင်ဆိုင်သူတစ်ဦးပါ။ အီမောဘွန်း ၊ ဖွန်ဂန်။ လွန်ခရုမာဒင် ၊ဖန်ဂရန်၊ မဒွယ်ရာဇီ ၊ ထောရကော် စတဲ့ ရေခဲတောင်ပေါင်းမြောက်များစွာ၊ ခရီးကြမ်းပေါင်းမြောက်များစွာ၊အတွေ့အကြုံရှိသူဖြစ်ပြီး တောင်တက်သမား ဝမ်းစာပြည့်ဝခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။ ကျွန်တော်တို့လို လူငယ်တွေကို လည်း အမြဲတမ်း လက်တွဲခေါ်ယူ သင်ယူဖို့ ပျော်ရွှင်စွာကြည်ဖြူသူလည်း ဖြစ်ပါတယ်။

ကိုကြောင်လေးဟာ သူ့ရဲ့ နေ့စဉ်ဘဝတွေကိုလည်း ရိုးရှင်းစွာ ဖြတ်သန်းသူ ဖြစ်ပါတယ်။ သူ့ရဲ့ အသင်းအပေါ် ထားတဲ့ စေတနာ၊ ပေးဆပ်မှု ၊ စွံ့လွှတ်အနစ်နာခံမှုတွေအတွက် ၂၀၀၂ နဲ့ ၂၀၀၃ ဝိတိုရိယ ခရီးစဉ်မှာ အကောင်းဆုံး တောင်တက်သမားဆုနဲ့ ၂၀၀၄ ငပလီ ခရီးစဉ်မှာ တွဲဖက် အကောင်းဆုံး တောင်တက်သမားအဖြစ် ၃ကြိမ်တိုင် ဂုဏ်ပြုခံခဲ့ရသူ ဖြစ်ပါတယ်။ ပြီးတော့  ကိုကြောင်လေးဟာ စိတ်ရင်း နှလုံးရင်းနဲ့ ကူညီတတ်သူ၊ အမှားအမှန်ဝေဖန်ချင့်ချိန်နိုင်တဲ့ ပညာ ရှိသူလည်းဖြစ်ပါတယ်။ ကျွန်တော် အသင်းဝင်စက ဒဂုံတက္ကသိုလ်က ဘူမိဗေဒကျောင်းသားဟောင်း  ကိုကျော်သူရကို စတွေ့တွေ့ချင်းပဲ ကျောင်းအစွဲနဲ့ ခင်မိပါတယ်။ အစ်ကို့ရဲ့ လက်တွဲခေါ်ယူမှု၊ အားပေးမှု ၊ သင်ပြမှုတွေကြောင့် ကျွန်တော်တို့ လူငယ်တွေမှာ တောင်တက်အားကစားတင်မကပဲ အစ်ကို့ရဲ့ (Personality)၊ အပြောအဆို၊ ပေါင်းသင်းဆက်ဆံရေး၊ စိတ်နေစိတ်ထားတွေပါ လေ့လာခွင့်၊ တိုးတက်ခွင့်ရခဲ့ကြပါတယ်။ အစ်ကိုမရှိတော့ ကြိုးတက်ကြိုးဆင်းလုပ်ရတာ အဆင်မပြေဘူအစ်ကို။စမ်းတဝါးဝါးနဲ့ပဲ လုပ်နေရတယ်။

အစ်ကို အသင်းအတွက် စီစဉ်ပေးခဲ့တဲ့ ၂၀၀၆ နိုဝင်ဘာလက မြိုင်ဟေဝန်ခရီးစဉ်မှာ ကျွန်တော့ကြောင့် မတော်တဆမှုဖြစ်ခဲ့တာတွေကို ဆုံးမသူ ၊ အားပေးနှစ်သိမ့်သူ၊ သင်ခန်းစာယူတတ်အောင် သွန်သင်ခဲ့သူဟာလည်း အစ်ကိုပါပဲဗျာ။

ပြီးတော့ တောင်တက်နံရံ ( Climbing Wall ) လုပ်ဖို့ ခေါင်းတိုက်ဆွေးနွေးခဲ့တာတွေ၊ အိမ်မက်တွေအကောင်အထည်ဖော်ဖို့အတွက် နိုင်ငံခြားအထိ လိုအပ်တဲ့ ပစ္စည်လှမ်းမှာဖို့ကနေ ” ဗားကရာ” ရာဘာ ဗွတ်တွေသုံးဖို့ အထိ ကြိုးစားခဲ့တာတွေ၊ အိမ်မက်တွေကို လှန့်နှိုးခဲ့တဲ့ (Nargis) နာဂစ် မုန်တိုင်း ကယ်ဆယ်ရေး အတွက် အစ်ကို အားကြိုးမာန်တက် ဆောင်ရွက်ခဲ့တာတွေ၊များစွာ၊အဖြစ်အပျက်များစွာ၊ အမှတ်တရများစွာ။ အစ်ကို့ရဲ့ မိသားစုအပေါ်ထားတဲ့ ချစ်ခြင်း မေတ္တာ၊ ဇနီးနဲ့ သမီးလေးအပေါ်ထားတဲ့ ချစ်ခြင်း မေတ္တာတွေဟာ ကျွန်တော်တို့ မျက်မြင်ကိုယ်တွေ့ပါ။ ကျွန်တော်တို့အတွက် စံပြုစရာ ပုဂ္ဂိုလ်တစ်ဦးအဖြစ် ထာဝရရှိနေမှာပါ။ ကျွန်တော့အတွက်တော့ အစ်ကို ကျော်သူရ (ကိုကြောင်လေး) ဟာ သူရဲကောင်းတစ်ဦးပါပဲ။ ကျွန်တော်တို့ တောင်ထိပ်တွေပေါ်မှာ ခြေချတိုင်း အစ်ကိုဟာ ကျွန်တော်တို့ရဲ့ စိတ်အစဉ်မှာ ရှိနေမှာပါ။ တကယ်တမ်းတော့ အစ်ကို့ရဲ့ စင်ကြယ်တဲ့ ဝိ ညာဉ် ဟာ ပိုမိုမြင့်မားတဲ့ နေရာ၊ ပိုမိုကောင်းမွန်တဲ့ ဘုံဘဝမှာ တည်နေပြီမဟုတ်ပါးလားခင်ဗျာ။   (ညီငယ်တစ်ဦး)

သဘာဝခေါ်သံ စာစောင် (စာမျက်နှာ ၁၇၇-၁၇၈-၁၇၉)

Editor အာဘော် (ဆရာမျိုး၏ ဖြည့်စွက်ချက်)

ကိုကျော်သူရအောင် ( ကိုကြောင်လေး)

ဒဂုံ တက္ကသိုလ်

တက္ကသိုလ် များခြေလျင်တောင်တက် အသင်းတွင် အသက် အငယ်ဆုံး (၁၈နှစ် အရွယ်) တောင်တက်သမား အဖြစ်ဖြင့် အီမောဘွန်း ရေခဲတောင်ကို စတင် တက်ရောက်ခဲ့သူဖြစ်သည်။   တောင်တက်ခရီးများစွာ၊ ခရီးကြမ်းများစွာတွင် အသင်းအတွက် အကောင်းဆုံးဆောင်ရွက်ပေးဆပ်ခဲ့သူလည်းဖြစ်ပါသည်။ ၂၀၀၂ နှင့် ၂၀၀၃  ဝိတိုရိယ ခရီးစဉ်တွင် အကောင်းဆုံး တောင်တက်သမားဆု နှင့်  ၂၀၀၄ ငပလီခရီးကြမ်း တို့တွင် အကောင်းဆုံး တောင်တက်သမားဆုတို့ဖြင့် သုံးကြိမ်တိုင် ဂုဏ်ပြုဆုရရှိခဲ့သူ ဖြစ်ပါသည်။ အသက် ၂၇နှစ်နှင့် ၂လအရွယ် (၇-၈-၂၀၀၉) တွင် ဧရာဝတီတိုင်း ငွေဆောင်ကမ်းခြေတွင် မတော်တဆဖြစ်မှုကြောင့် မမျော်လင့်ပဲကွယ်လွန်ခဲ့ပါသည်။

Image

အမြင့်ပေ (၁၅၁၇၇) ထော်ရကော်တောင်ထိပ်ရောက် ကိုကြောင်လေး <<<<သဘာဝခေါ်သံ စာစောင် (စာမျက်နှာ ၁၇၇)>>>

အမြင့်ပေ (၁၅၁၇၇) ထော်ရကော်တောင်ထိပ်ရောက် ကိုကြောင်လေး
Ko Kyaw Thura @ 15177feet, Summit of Mt.Htawragaw

အမြင့်ပေ (၁၅၁၇၇) ထော်ရကော်တောင်ထိပ်ရောက် ကိုကြောင်လေး Ko Kyaw Thura @ 15177feet, Summit of Mt.Htawragaw

Advertisements
This entry was posted in Biography, History, Publication and tagged , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s