” ခါကာဘို ရဲ့ သဘာဝခေါ်သံ “



ပထဝီဝင် ဖတ်စာထဲမှာ ” မြန်မာနိုင်ငံ ရှိ အမြင့်ဆုံးတောင်မှာ ခါကာဘိုရာဇီတောင်ဖြစ်ပါသည်” ဆိုပြီး သင်ခဲ့ရတဲ့ မြန်မာနိုင်ငံ မြောက်ဖျားစွန်းက ခါကာဘိုရာဇီ ရေခဲတောင်ကြီး ကိုတော့ အားလုံးသိပြီးသားဖြစ်မှာပါ။

ခါကာဘို ရဲ့ သဘာဝခေါ်သံဆိုတာကတော့ ဒီတောင်ကြီးက နေ သဘာဝတရားကိုချစ်တဲ့ စွန့်စားဝံ့တဲ့ လူသားတွေကို သူ့ရဲ့ တောင်တောင်ရင်ငွေ့ကိုခိုဝင်မလားလို့ ဖိတ်ကြားနေတဲ့ အသံပဲဖြစ်ပါတယ် ။ ခါကာဘိုရာဇီဒေသဟာ တောင်တက်သမားတွေကို သူ့ရဲ့ လှပပြီး လူသူအရောက်အပေါက်နည်းလှတဲ့ ကြမ်းတမ်းမက်စောတ်တဲ့ ခရီးကြမ်း စိန်ခေါ်မှုတွေ၊ ဒါ့အပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေကို သူ့ရဲ့ ပတ်ဝန်းကျင်ဒေသက သစ်ပင် ပန်းမန် သားရဲကြွယ်ဝမှုတို့နဲ့ မလာလာချင်အောင် သူ့ သဘာဝရင်ခွင်ကို ခိုလှုံဖို့ ဖိတ်ခေါ်လျက်ရှိပါတယ်။    ဒေသခံတွေက ခါကာဘိုတောင်ကြီးဟာ  စကားတွေပြောတယ်လို့ယုံကြည်ကြပါတယ်၊    ( ဒဏ္ဋာရီအရ အမဲလိုက်ရင်း ခါကာဘိုတောင်ဘက်ကိုရောက်သွားတဲ့ ညီအစ်ကို ၂ဦးမှာ ညီငယ်ဖြစ်သူဟာ ခါကာဘိုတောင်နားက တောနက်ထဲမှာ ပျောက်သွားခဲ့ပါတယ်၊ အကိုက သူ့ ညီကို လိုက်ရှာတော့ သူ့ညီငယ်ကို ပြန်မတွေ့ပဲ စကားသံတွေသာ ကြားရပါတယ်တဲ့ ဒေသခံ ရဝမ် ရိုးရာပုံပြင်လေးရှိပါတယ် )

ဒါထက် စိတ်ဝင်စားစရာကောင်းတဲ့ သဘာဝခေါ်သံ ရှိပါသေးတယ် ၊ အဲ့ဒါကတော့ တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း (သဘာဝခေါ်သံ) ဖောင်ဒေးရှင်း ပါ ။

ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန တွဲဖက် ပါ မောက္ခ (အငြိမ်းစား) ဆရာဦးမျိုးသန့် ဦးဆောင်တဲ့ သဘာဝခေါ်သံ ဖောင်ဒေးရှင်းဟာ တောင်တက်အားကစား ဖွံ့ဖြိုးရေး ၊ သဘာဝပတ်ဝန်းကျင်ထိမ်းသိန်းရေး နဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေ ( Mountaineering , Environmental Conservation & Humanitarian) ကို လုပ်ဆောင်ဖို့အတွက် ၂၀၁၂ခုနှစ် မှာ တက္ကသိုလ် တောင်တက်အသင်းအသီးသီးက ကျောင်းသားဟောင်းတွေနဲ့ စနစ်တကျဖွဲ့စည်းထားတဲ့ ဖောင်ဒေးရှင်းဖြစ်ပါတယ်။

သဘာဝခေါ်သံ ဖောင်ဒေးရှင်းရဲ့ ခါကာဘိုရာဇီတောင်ခြေ ရှေ့ပြေးလေ့လာရေးခရီးစဉ်ကို ၂၀၁၂ နိုဝင်ဘာ/ဒီဇင်ဘာ မှာ ဆရာဦးမျိုးသန့် ကိုယ်တိုင်လိုက်ပါ ဦးဆောင်ခဲ့ပါတယ်။ ထိုခရီးစဉ်မှာ သဘာဝခေါ်သံတောင်တက်အသင်းလက်ရွေးစင် အဖွဲ့ဝင် ၆ ဦးဟာ ခါကာဘိုရာဇီတောင်ခြေကို အောင်မြင်စွာ ရှေ့ပြေးသွားရောက်နိုင်ခဲ့ပါတယ်။ ပူတာအိုမြို့ကနေ ၁၇၅မိုင်ကွာဝေးတဲ့ အသွားအပြန်ခရီးမိုင် ၃၅၀-ရှည်လျားတဲ့ ခါကာဘိုရာဇီ တောင်ခြေ နှင်းခဲဖုံးအခြေခံစခန်း Base Camp ပတ်ဝန်းကျင်တစ်ဝိုက်ကို စူးစမ်းလေ့လာခဲ့ကြပါတယ် ။ သဘာဝခေါ်သံ ဖောင်ဒေးရှင်း တောင်တက်အဖွဲ့ဟာ အသင်းရဲ့ လက်ရွေးစင် တောင်တက်သမားတွေနဲ့ ရှေ့ပြေးခရီးမှာ လမ်းတစ်လျှောက်ကရွာ/ တောစခန်းစတာတွေရဲ့ အခြေအနေ၊ ဒေသရေမြေတောတောင် ရာသီဥတု၊ သဘာဝပတ်ဝန်းကျင်၊ လူနေမှု ဓလေ့ထုံးစံ စသည်တို့ကို လေ့လာခဲ့ပြီးနောက် လောလောဆယ်မှာတော့ စိန်ခေါ်မှုကြီးလှတဲ့ ခါကာဘိုရာဇီတောင်ကြီးကိုတက်ရောက်ဖို့အတွက် လိုအပ်တဲ့ တောင်တက်ပစ္စည်းများစုဆောင်းခြင်း၊ တောင်တက်နည်းပညာများပိုမိုပြည့်ဝအောင်လေ့ကျင့်ခြင်းတို့ကို ပြုလုပ်လျက်ရှိပါတယ် ။

အပတ်စဉ် ပုံမှန်လမ်းလျှောက်လေ့ကျင့်မှုတွေအပြင် (climbing/technical training) နည်းစနစ်ပိုင်းတွေကိုလည်းလေ့ကျင့်လျက်ရှိပါတယ်။

  • သဘာဝခေါ်သံ ဖောင်ဒေးရှင်း အနေနဲ့ ယခုနှစ် ဂျူလိုင်လ ( ၂၉၊  ၇  ၊၂၀၁၄ ) မှာ အသင်းလက်ရွေးစင်တွေရဲ့ ခါကာဘိုရာဇီ တောင်ထိပ်ခရီးစဉ် ကို ရန်ကုန်ကနေစတင်ထွက်ခွါဖို့ရာ စနစ်ကျနတဲ့ လေ့ကျင့်မှု တွေပြုလုပ်နေပြီဖြစ်ပါတယ်။

    1614023_687792031288790_299928247_o

    Photo Courtesy of ION ( Invitation of Nature သဘာဝခေါ်သံ ဖောင်ဒေးရှင်း တောင်တက်အဖွဲ့ရဲ့ ခါကာဘို ခရီး စဉ် ) Photography Credit to AMM @ Aung Myint Myat


အလျင်းသင့်တုံး ခါကာဘို ရာဇီ တောင်ကြီးအကြောင်း နည်းနည်းလေးပြောပြချင်ပါသေးတယ်

ခါကာဘို ရာဇီ ဆိုတဲ့ တောင်နာမည်နဲ့ ပက်သက်လို့တော့

  • ခါကာဘို ရာဇီ တောင်ကို အထန်ဘွန်ရာဇီလို့လည်းခေါ် ပါတယ်တဲ့၊ အထန်ဘွန် ဆိုတာ ရဝမ်ဘာသာ စကားဖြစ်ပြီးတော့ ” တောင်များထဲ တွင် အကြီးဆုံး ထိပ်ဆုံး” / “သစ်ပင်များမပေါက်သောတောင်နဖူး” လို့အဓိပ္ပာယ်ရပါတယ် တဲ့။
  • ခါကာဘို ရာဇီ ဆိုတဲ့ နာမည်ကို ရဝမ်ဘာသာ စကား အရ ( ခ ခါ ဘို ရာဇီ လို့) ခေါ်ဆိုပြီး ယင်း ရဲ့ တိုက်ရိုက်အနက် အဓိပ္ပာယ်ထွက်ဆိုချက်ကတော့ (ခ = စကား) (ခါ ဘို= အသံမည်ခြင်း) ( ရာဇီ = တောင်) ဖြစ်တဲ့ အတွက် (ခ ခါ ဘို ရာဇီ လို့= အမြဲတမ်း စကားသံများ အဆက်မပြတ်ကြားနေရသောတောင်” ပါတဲ့၊တောင်ပေါမှာ ရေခဲပြိုကျ တဲ့ အသံတွေကို အဝေးက အဆက်မပြတ်ကြားနေရတာကို တင်စား ခေါ်ဝေါတာပါတဲ့။
  • တိဘက်လူမျိုးတွေက ထိုတောင်ကြီး( ခါကာဘို ရာဇီ )ကို “ကကာပို” / “ကကာပူ” ဆိုပြီး ပြောပါတယ်တဲ့ တိဘက် ဘာသာစကား အရ ( က = ဆီးနှင်းခဲ) (ကာပို= အဖြူရောင်) ပါတဲ့ခင်ဗျ။

( မှတ်ချက် – တောင်အမည်ကွဲများဟာ ဆရာ ဦးလှဌေး ရေးသားတဲ့ စာအုပ်မှ ထုတ်နှုတ်ချက်များဖြစ်ပါတယ် ကိုးကား- နှာ၂၀-၂၁လှဌေးသန်း ဘူမိဗေဒ – မြောက်ဖျား မြန်မာပြည် ခါခါဘိုရာဇီသို့)

သမိုင်းကြောင်းထဲက ခါကာဘို  

  • ခါကာဘိုရာဇီတောင်ကြီးကို ပထမဆုံးတက်ရောက်ဖို့ ကြိုးပမ်းခဲ့သူကတော့ ကင်းဒမ်းဝဒ် ဖြစ်ပါတယ် ၊ ဗြိတိရှလူမျိုး ပန်းမုဆိုးလို့ ကမ္ဘာကသိတဲ့  ကင်းဒမ်းဝဒ်ဟာ  ၁၉၃၇ ခုနှစ်မှာ   ခါကာဘိုတက်ရောက်ဖို့ ပထမဆုံးကြိုးပမ်းသူဖြစ်ခဲ့ပါတယ်။
  • ဆယ်စုနှစ် ၂ခုနီးပါး  ခါကာဘိုတောင်ကြီးကို မောကြည့်ဝံ့တဲ့ သူတွေရှားနေခဲ့ပါတယ် ၊ ၁၉၅၆ မှာတော့ ဗိုလ်မှူးကြီး စောမြင့်ဦးဆောင်တဲ့ ယိမ်းနွဲ့ပါး စစ်စင်ရေးဟာ ထပ်တစ်ဖန်  ခါကာဘိုတောင်ကို တက်ဖို့ကြိုးပမ်းခဲ့ကြပါသေးတယ်၊

အဲ့ဒီနောက်ပိုင်း ၁၉၉၀ခုနှစ်တွေအထိ နှစ်ပေါင်း ၄၀နီးပါး  ခါကာဘို  တောင်ကို ဘယ်သူမှ သွေးတိုးမစမ်းရဲကြတော့ပါဘူး ။ ( မင်းဆိုးမင်းညစ်တွေရဲ့  ပိတ်ဆို့မှု တိုင်းပြည်ထဲကို နိုင်ငံခြားသားအဝင်မခံလိုမှူ တက္ကသိုလ်ကျောင်းတွေရဲ့ အားကစားအပါအဝင် လှုပ်ရှားမှုအားလုံးကို ဖိနှိပ်မှုစတာတွေဟာ ခြေလျင် တောင်တက်အပါအဝင် အားကစားလှုပ်ရှားမှုတွေကို လေဖြတ်စေခဲ့တဲ့ အချက်တွေပါ၊ ခုထိလည်း သိပ်မထူးကခြားသေး ကြိုးစား နာလံထူနေရတုံးပါ –  )

၁၉၉၅မှာတော့ တိုက်ဆိုင်စွာ  နိုင်ငံခြား အဖွဲ့၃ဖွဲ့ တစ်ပြိုင်တည်းနီးပါး   ခါကာဘို  ကို တက်ဖို့စိုင်းပြင်းကြပါတော့တယ်

၉၅ခု ဇန္နဝါရီလ ကနေ မတ်လ ပိုင်းကာလတွေများမှာ ပူတာအို-ခါကာဘိုလမ်းမှာ ခြေရာစိပ်ခဲ့ ခြေရာထပ်ခဲ့ပါတယ်…

  • အိုဇာကီ မိသားစု တောင်တက်အဖွဲ့ ( ဂျပန် ) ( ခါကာဘို တောင်ခြေစခန်းအနီး ရဆန်ဒန် တောစခန်း အထိ ကမ္ဘာကျော် တောင်တက်သမား Mr.Takashi Ozaki အိုဇာကီ ဦးဆောင် Ozaki Family Expedition )
  • ပြင်သစ် တောင်တက်အဖွဲ့ (နောက်ဆုံးလူနေရွာ တဟောင်ဒမ်း အထိ Mr.Frank Charlton ဖရန့် ချာလတန် ဦးဆောင် French Expedition )
  • ဟီတို ဆူဘားရှိ တက္ကသိုလ် တောင်တက်အဖွဲ့ (ဂျပန် ) ( မဒိမ်းရွာအထိ Hitot Subashi University Mountaineering Club, Mr.Tomatsu Nakamura တိုမတ်စု နာကာမူရာ ဦးဆောင် )ကြတဲ့ အဖွဲ့တွေ အသီးသီး သွားရောက်ပြီး ခါကာဘိုတောင်ထိပ်ကို တက်ရောက်ဖို့ ကြိုးပမ်းခဲ့ကြပါတယ် ၊

ဒီလိုနဲ့ နောက်ဆုံးမှာတော့  မြန်မာပြည်ရဲ့ အမြင့်ဆုံးတောင် ဖြစ်တဲ့ ခါကာဘို ( နောင်မွန်းမြို့နယ် ကချင်ပြည် နယ် မြောက်ဖျားမြန်မာပြည်က ) အမြင့်ပေ (၅၈၈၁ မီတာ / ၁၉၃၁၅ပေ) မြင့်တဲ့ အရှေ့တောင်အာရှ အခွင်မှာလည်း အမြင့်ဆုံးဖြစ်တဲ့ ခါကာဘိုရာဇီတောင်ကို မြန်မာနိုင်ငံသား တိဘက်လူမျိုး လမ်းပြ နမားဂျွန်စိန် နဲ့ ဂျပန်တောင်တက်သမားအိုဇာကီ (ကွယ်လွန်) တို့ ၁၉၉၆ ခုနှစ်စက်တင်ဘာလ ၁၅ရက်နေ့ နေ့လည် ၃း၁၂မိနစ် မှာအောင်မြင်စွာ ခြေချနိုင်ပြီးခဲ့ပါပြီ အခုဆိုရင် ခါကာဘိုအောင်မြင်မှူ ၁၀နှစ်ကျော်ခဲ့ပြီးလို့ နှစ်၂၀တောင်ပြည့်ပါတော့မယ်  ( ၁၈  နှစ်ပြည့်နီးပါးရှိပါပြီ ) ။ ဂျပန်တောင်တက်သမားအိုဇာကီဟာ ခါကာဘိုမတက်ခင်မှာ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင် ထိပ် ၂ကြိမ် မီတာ ၈၀၀၀အထက် တောင်မြင့် ၁၄လုံးအနက်မှ တောင်ထိပ် ၈ခုကို တက်ခဲ့ပြီးသူဖြစ်ပါတယ်။ ကန္ဘာအနှံ့အပြားကတောင်တွတ်ကိုလည်း အကြိမ်ကြိမ်အလီလီ အောင်မြင်ခဲ့သူဖြစ်ပါတယ်။ မစ္စတာအိုဇာကီ လိုရဲရဲတောက်တောင်တက်သမားတစ်ရောက်အနေနဲ့ ဒီခါကာဘိုရာဇီတောင်ကို တက်ဖို့ နည်းစနစ်ပိုင်းအရကော တောင်ခြေကို ချဉ်းကပ်မှုပိုင်းအရကော ခက်ခဲကြောင်း ဝန်ခံခဲ့တာက လည်း မှတ်သားစရာပါ။

ခါကာဘိုရာဇီ ဂမ်လန်ရာဇီ စတဲ့ တောင်တွေဟာ အမြင့်ပေအားဖြင့် (ဧဝရက်တောင်နဲ့ ယှဉ်ရင် ပေ ၁သောင်းနီးပါး ကွာပါတယ် ) ခါကာဘိုရာဇီတောင်ကိုတက်မယ် ဆိုရင် တောင်အနားကို ကပ်ဖို့ရန် ခရီး အလွန် ကြမ်းတမ်း ခက်ခဲပါတယ်။
တောင်ပေါ်ကို ကိုယ့်ဘာသာကို လမ်းထွင်ပြီး တက်ရမှာပါ ရာသီဥတုနဲ့ ပက်သက်တဲ့ အချက်အလက် တပြေးညီရဖို့ ဆိုတာကလည်း မလွယ်ပါဘူးလူတစ်ယောက်စာမကတဲ့ ဆီးနှင်းဖုံးနေတဲ့ ရေခဲချောက် ပက်ကြားအက်ကြီးတွေ ၊ အေးခဲနေတဲ့ ရာသီဥတုနဲ့ တောင်ပေါ်မှာ ဆီးနှင်းအနေအထား ၊ သောက်စရာ ရေမရှိတာ၊ ကျောက်သားနံရံတွေ၊ ။။။။။။။။။။. စိန်ခေါ်မှုတွေ ပြည့်နှက်နေပါတယ်။

ခရီးစဉ် စီစဉ်မှူအပိုင်း မှာရော အစစအရာရာ မှာ အခက်အခဲတွေကို မည်သူ့အကူအညီမှ မပါပဲ တောင်တက်အဖွဲ့တွေကိုယ်တိုင် ရင်ဆိုင်ကျော်လွှားရမှာဖြစ်ပါတယ်
၂၀၀၃ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှာ မြန်မာအမေရိကန် ချစ်ကြည် ရေးတောင်တက်အဖွဲ့ရဲ့ ဂမ်လန်ရာဇီတောင်ထိပ်ကို တိုင်းထွာချက်အရ ၅၈၇၀ ဒသမ ၀၈၄ မီတာမြင့်ကြောင်းသိရပါတယ်။(၁၉၄၅) မှာ ရေးဆွဲ ခဲ့တဲ့ အမေရိကန်နိုင်ငံ နဲ့ ရုရှားနိုင်ငံတွေက Topography မြေပုံ အထောက်အထား အရ ဂမ်လမ်ရာဇီတောင်ဟာ မြန်မာနိုင်ငံ၏ လက်ရှိ အမြင့်ဆုံးဟု သတ်မှတ်ထားသော ခါကာဘိုရာဇီတောင်ထက် ပေ (၉၀) ပိုမြင့်တယ် လို့ ဆိုပါတယ်။ အဲ့ဒီအချက်ကို ထူးဖောင်ဒေးရှင်းက ပံ့ပိုးတဲ့ ဂမ်လန်ရာဇီတောင်ထိပ်ခရီးစဉ်မှာ ဖော်ပြခဲ့ပါတယ်၊ ဒါပေမဲ့ ခါကာဘိုရာဇီတောင်ထိပ်ပေါ်မှာ တိကျတဲ့ အမြင့်ပေမတိုင်းရသေးမချင်း ဒီအချက်ကို အတည်ပြုဖို့ရာမလွယ်သေးပါဘူး၊ ( ၁၉၉၆အိုဇာကီခရီးစဉ်မှာdevice တွေသုံးပြီးတိုင်းခဲ့တဲ့ summit ရဲ့ georeference မရခဲ့ပါ ၊ ဤကားစကားချပ်)

သဘာဝခေါ်သံ ဖောင်ဒေးရှင်း ခါကာဘိုရာဇီ တောင်ထိပ်ခရီးစဉ် မှာလည်း ကမ္ဘာလုံးဆိုင်ရာ တည်နေရာပြ စနစ် သုံး ကိရိယာ တွေ GPSနဲ့ တောင် ရဲ့ အမြင့်ကို တိုင်းတာ မှာဖြစ် တယ်လို့သိရ ပါတယ်။


ကျွန်တော့ အာဘော်ရဲ့ နိဂုံးချုပ်အနေနဲ့ကတော့ ဒီနှစ်ပိုင်းတွေမှာ မြန်မာ့တောင်တက်အားကစား ဖွံ့ဖြိုးလာပါတယ် အားတက်စရာ တောင်တက်သီတင်းတွေအများကြီးပဲမြင်နေတွေ့နေရ ပါတယ်၊ အားလုံးရဲ့ ဝါသနာအရင်းခံ အနစ်နာခံကြိုးစားမှု ချွေးစက်တွေရဲ့ ပြယုဂ်ပါ ။ဒီနှစ် ၂၀၁၃/၁၄ ဟာ တောင်တက်အားကစားအစည်ပင်အဝပြောဆုံးနှစ်လို့ဆိုနိုင်လောက်ရဲ့။ တောင်တက်အသင်းတွေရဲ့ လှုပ်ရှားမှုတွေပိုပြီးအားကောင်းလာတယ်၊ ဒါ့အပြင် မြန်မာတောင်တက်သမားအချို့ ဧဝရတ်တောင်တက်ဖို့ ကြိုးပမ်းနေကြတယ် ပံပိုးမှုကောင်းတဲ့အပြင် တက်မဲ့သူတွေကလည်း ဧဝရတ်အနီးကတောင်တွေမှာ လေ့ကျင့်ခဲ့ကြပြီးပြီ။ မနှစ်က တောင်တက်သမားအချို့ ဂမ်လန်ရာဇီတောင်ကို အောင်မြင်ခဲ့ကြတယ် ။ ခြေလျင်တောင်တက်အဖွဲ့ချုပ်ကြီးက နိုင်ငံခြားသား တောင်တက်အဖွဲ့တွေနဲ့ လူငယ်တွေကို သွေးသစ်လောင်းတဲ့ခရီးတွေ ကို အစဉ်အလာကောင်းကောင်းနဲ့ စီစဉ်ပေးမြဲ ၊ တက္ကသိုလ်ကျောင်းသားအများစု တောင်တက်ခရီးလိုက်ဖို့ အခွင့်အလမ်းတွေပိုပေါ်လာတယ်၊ခရီးစဉ်တွေစိတ်သလို သူတို့အပျော်တွေကို ဓာတ်ပုံတွေကတစ်ဆင့်မြင်တွေ့ခံစားနေရတယ်။ ပြီးတော့ ကျောင်းသားလူငယ်တောင်တက်သမားအဖွဲ့လေးတွေပေါ်လာတယ် ၊ နိုင်ငံခြားက အမြင့်ဆုံးတောင်မှာ via ferrata အတွေ့အကြုံရှာခဲ့ကြတာတို့ ကျောက်တောင်တက် အားကစားကို စတင်လာတာတို့ တွေ့ရတယ်။ ပြောရရင် တိုးတက်မှုတွေက တရိပ်ရိပ်နဲ့ အကောင်းဘက်ကို တိုးတက်ပြောင်းလဲနေကြပါတယ်။
မြန်ပြည်ကြီးအတွင်းမှာ လူမျိုးရေး ဘာသာရေး နိုင်ငံရေးအထိကရုန်းတွေမဖြစ်စေဖို့ကိုလည်းဆုတောင်းပါတယ် မငြိမ်မသက်ဆိုရင် ပညာရေး အားကစား သဘာဝပတ်ဝန်းကျင် အနုပညာ တွေကိုဘယ်လိုအာရုံစိုက်နိုင်ပါ့မလဲ
သာမန်ပြည်သူတယောက် တောင်တက်သမားတယောက် ရဲ့ ခပ်ရိုးရိုး အမြင်ပါ
ဘာ လို့ဆိုရင် ဒီနှစ် ခါကာဘိုတက်မဲ့ အဖွဲ့ကို မနှစ်က ဂမ်လန်ရာဇီခရီးအပြန်တုံးကလို စစ်ပွဲရှိတဲ့ အညိုရောင်နယ်မြေကို ဖြတ်ပြန်ရတာမျိုးမဖြစ်စေချင်ဘူး ။သဘာဝပတ်ဝန်းကျင် ကို လေ့လာတဲ့ အဖွဲ့တွေ တောင်တက်အဖွဲ့တွေရဲ့ ခရီးလမ်းလုံခြုံရေးကို မနှောင့်နှေးစေချင်ပါဘူး ၊

ဝါသနာတစ်ခုမှာ ရူးသွပ်နေတဲ့သူတွေရဲ့ ဘ၀ဟာမျှော်လင့်ချက်တွေ ပျော်စရာတွေအပြည့်ပဲမဟုတ်လား၊ သူတို့အိမ်မက်တွေကို အကောင်အထည်ပေါ်စေ့ချင်တယ်။

သဘာဝခေါ်သံ ဖောင်ဒေးရှင်း တောင်တက်အဖွဲ့ရဲ့ ခါကာဘို ခရီးအောင်အောင်မြင်မြင် ချောချောမောမော တက်ရောက်နိုင်ဖို့ ဆုမွန်ကောင်းသာ အခါခါ တောင်းမိပါတယ် ။ 

အားကစားလှုပ်ရှားမှုတွေဟာလည်း တိုင်းပြည်တိုးတက်ဖို့ နဲ့ ကမ္ဘာ့အလည်မှာ ဂုဏ်ယူဝင့်ကြွားဖို့ တစ်ဖက်တစ်လမ်းက အရေးပါတယ်မဟုတ်ပါလားခင်ဗျာ ။

(ခါကာဘိုရာဇီတောင်ထိပ်  ကို ၁၉၉၆ ခုနှစ် စက်တင်ဘာလ ၁၅ရက်နေ့မှာ  နေ့လည် ၃း၁၂မိနစ်မှာ လမ်းပြ နမားဂျွန်စိန် နှင့် ဂျပန်နိုင်ငံသား တောင်တက်သမား အိုဇာကီ တို့တက်ရောက်ခဲ့ပါတယ် ။)

Image

Ozaki & Nama Gwaltsen @ the summit of Mt,KKBo (5881 m)မြန်မာနိုင်ငံသား တိဘက်လူမျိုး လမ်းပြ နမားဂျွန်စိန် နှင့် ဂျပန်နိုင်ငံသား တောင်တက်သမား အိုဇာကီ နရာ။ အရှေ့တောင်အာရှ ခေါင်မိုး ခါကာဘိုရာဇီ တောင်ထိပ် ( နောင်မွန်းမြို့နယ် ကချင်ပြည် နယ် မြောက်ဖျားမြန်မာပြည်)အမြင့်ပေ။ (၅၈၈၁ မီတာ / ၁၉၃၁၅ပေ)အချိန်။ နေ့လည် ၃း၁၂မိနစ် စက်တင်ဘာလ ၁၅ရက်နေ့ ၁၉၉၆ ခုနှစ်ဓာတ်ပုံ (အိုဇာကီ နှင့် သူ၏ Tripod )Mt.KhahaBo, roof of Southeast Asia & Myanmar Highest Summit(i would like to credit Takashi Ozaki , the photographer of this photo who took it at the summit)ေ

(ဂမ်လမ်ရာဇီတောင်ထိပ်ကို  ၂၀၀၃ ခုနှစ် စက်တင်ဘာလ ၇  ရက်နေ့မှာ ပြည့်ဖြိုးအောင် နဲ့ အမေရိကန်တောင်တက်သမား ၅ဦးတို့ က  မြန်မာအမေရိကန် ချစ်ကြည် ရေးတောင်တက်အဖွဲ့အနေနဲ့ တက်ရောက်ခဲ့ပါတယ် ။)

1255475_334344843368816_21091753_n

From centre to clockwise, Climber Poe Pin, Mark Fisher, Eric Daft ( Teton Hd)’ , Andy Tyson, Chris Nance, Molly Loomis, @ summit of gamlang razi ( PHOTO CREDIT TO : MARK FISHER / FISHER CREATIVE )

317983_155954364551753_1617122481_n

ခါကာဘို Base Camp ခရီး စဉ် Photo Courtesy of ION ( Invitation of Nature သဘာဝခေါ်သံ ဖောင်ဒေးရှင်း တောင်တက်အဖွဲ့ရဲ့ ခါကာဘို ခရီး စဉ် )

(စာကြွင်း:  မြန်မာနိုင်ငံမှာ အရှေ့တောင်အာရှရဲ့ အမြင့်ဆုံးသော တောင်ထိပ် ၄ခုရှိတဲ့ အနက်မှာမှ ခါကာဘိုရာဇီတောင် နဲ့ ဂမ်လမ်ရာဇီတောင်ထိပ် တို့ကို လူသားများခြေချခဲ့ပြီးဖြစ်ပါတယ် ၊ ထို တောင်လေးလုံးအနက်မှ  ဒင်ဒေါ်ရာဇီတောင် ( ၅၄၆၄ မီတာ / ၁၇၉၂၇ပေ ) နဲ့ ရှိုအင်တလာဂါဇီ တောင် ( ၅၀၀၁ မီတာ / ၁၆၄၀၄ပေ ) တို့ဟာ ကမ္ဘာ့တောင်တွေစာရင်းမှာ အလွန်ရှားပါးတဲ့ အပျိုစင် တောင်ထိပ် နှစ်ခုအဖြစ်နဲ့ မြန်မာပြည်မြောက်ဖြားစွန်းဒေသမှာ ငွါးငွါးစွင့်စွင့် ရပ်တည်လျက်ရှိပြီး တောင်တက်သမားတို့ရဲ့ ဇွဲနဲ့ လုံ့လဝရိရကို စိန်ခေါ်လျက်ရှိလို့နေပါသေးတယ်)

458402_155959667884556_243634372_o

ခါကာဘို Base Camp ခရီး စဉ် Photo Courtesy of ION ( Invitation of Nature သဘာဝခေါ်သံ ဖောင်ဒေးရှင်း တောင်တက်အဖွဲ့ရဲ့ ခါကာဘို ခရီး စဉ် ) Photography Credit to AMM @ Aung Myint Myat

Advertisements
This entry was posted in Hkakaborazi, Mountaineering, Myanmar, Publication, Trip Forecast and tagged , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s