တက္ကသိုလ်ကျောင်းရဲ့ ဆရာမျိုး

ဝန်ခံချက် ။ အောက်ပါ စာများရေးသားရာတွင် ဆရာသိပ္ပံမောင်ဝ၏ တက္ကသိုလ် ဆရာကြီးဦးပွါး ဟူသောဆောင်းပါးအား အပြည့်အဝကူးချထားကြောင်း ဝန်ခံအပ်ပါသည်။ @@@@ သိပ္ပံမောင်ဝ – စာပေ ယဉ်ကျေးမှု(ဒုတိယအကြိမ် နှာ-၃၂၇-၃၃၀ ) @@@@

2002 tyrolean traverse

2002 tyrolean traverse SayaMyo on Tyrolean , during 2002 Mt.Lunkrumardin mountaineering trip in Putao region, the YUHM’s self-recently-built-bamboo-bridge swept away by flood in KhawSharrLaw stream. Probably the most adventurous trip ever with unique Tyrolean Traverse in the Mountaineering History in Myanmar.

194334_1476507972007_1579032_o

ဆရာမျိုး- စာရာမေတိခရီးစဉ် ၂၀၀၉ Saya Myo on Suspension Bridge between KyelKawt & YawParrMe village. Photography courtesy of KoAungMyoe(MPS)

ရန်ကုန်မြို့ တက္ကသိုလ်ကျောင်းတိုက်တွင် နှစ်ပေါင်းများစွာ ပို့ချလာခဲ့သော ဆရာမျိုးကျောင်းမှထွက်ကာ အားလပ်ခွင့်ယူတော့မည့်အတွက် ကျောင်းသားအပေါင်းတို့၏ စိတ်မှာ ဝမ်းသာဝမ်းနည်း ဒွန်တွဲလျက်နေကြလေတော့သည်။ ဝမ်းသာခြင်းကား ဆရာမျိုးမှာ အသက်အရွယ်ရလာပြီဖြစ်၍ အလုပ်တာဝန်မှအနားယူကာ အေးအေးချမ်းချမ်း အပူအပင်မရှိ အစိုးရမင်း၏ ရိက္ခာတော်ကို စားရမည် ဖြစ်သောကြောင့်တည်း ။ ဝမ်းနည်းခြင်းကား နှစ်ပေါင်းများစွာ တက္ကသိုလ်ကျောင်းတော်ကြီးတွင် တပည့်များအား ရင်ဝယ်သားကဲ့သို့ ကိုယ်ဖိရင်ဖိသင်ကြားလာသော ဆရာကြီးတစ်ဦးနှင့် ခွဲခွါရမည် ဖြစ်သောကြောင့် ဖြစ်လေသည်။
ဆရာမျိုး၏ တပည့် ဟုဆိုရာ၌မြန်မာစာ ကျောင်းသားကြီးများသာလျင်မဟုတ် ၊ တက္ကသိုလ်ကျောင်းတိုက် အသီးသီး၊ အထူးပြု ဘာသာရပ်အသီးသီးမှ ကျောင်းသူကျောင်းသားများဖြစ်လေသည်။ ကျောင်းအသီးသီးမှ လူမှုကရုနာလုပ်ငန်းများကို စိတ်ဝင်စားကြကုန်သောကြက်ခြေနီအသင်းဝင်ကျောင်းသားများ၊ သွေးလှူရှင်များ၊ခြေလျင်တောင်တက်အားကစားကိုစိတ်ပါဝင်စားကြကုန်သော ကျောင်းသားများ ကျောင်းသူများသည်လည်း ဆရာမျိုး၏ တပည့်စာရင်းတွင် ပါဝင်ကြကုန်၏။

ရှင်းပါအံ့။ ဆရာကြီး ဦးမျိုးသန့်မှာ မြန်မာစာဌာနတွင် တွဲဖက် ပါမောက္ခတာဝန်ကိုယူ၍ စာပေများကို ပို့ချသောတာဝန်သာလျင်ဖြင့်သာ အလျင်းမတင်းတိမ်ကုန်။ မြန်မာနိုင်ငံတက္ကသိုလ်များ ခြေလျင်တောင်တက်အသင်းကြီး ၏ ဥက္ကဌ အဖြစ်လည်းကောင်း ၊ ရန်ကုန်တက္ကသိုလ်တွင် ရန်ကုန်တက္ကသိုလ် ခြေလျင်တောင်တက်အသင်းဥက္ကဌ ရန်ကုန်တက္ကသိုလ် ကြက်ခြေနီအသင်းဥက္ကဌ ရန်ကုန်တက္ကသိုလ်ငွေစုငွေချေး သမဝါယမအသင်းဥက္ကဌ ရန်ကုန်တက္ကသိုလ်မဂ္ဂဇင်း ဖြစ်မြောက်ရေးကော်မတီဝင် စသည်ဖြင့် များပြား မွန်မြတ်လှသော တာဝန်များကိုကျေပြွန်စွာ ဆောင်ရွက်လေသောကြောင့်ဖြစ်သည် ။                        ထိုမျှမကသေး ရန်ကုန်တက္ကသိုလ် ပင်မဝင်းကြီးအတွင်းရှိအစဉ်အလာကြီးသော အမျိုးသားကျောင်းဆောင်များအနက်မှ “အင်းဝ” ဆောင်၏ အဆောင်မှူးအဖြစ်ဖြင့် အနယ်နယ်အရပ်ရပ်မှ တက္ကသိုလ်ကျောင်းတိုက်ကြီး၏ ရင်ငွေ့ခိုလှုံ ပညာရည်သောက်စို့ရန် ခရီးနှင်လာသော ကျောင်းသားအပေါင်းတို့၏ အကျိုးကိုဆောင်လျက်ရှိသော ဆရာကြီးဖြစ်သောကြောင့်တည်း ။ ဆရာ၏ မေတ္တာဖြန့်ကျက်မှူအတိုင်းအတာကို မှန်းဆကြည့်ပါကုန်။ ထို မေတ္တာ၏ အေးမြမှုနှင့် ရောင်ပြန်ဟက်မှုအတိုင်းအတာကား ဆရာမျိုး၏ ရိုးစင်းအေးချမ်းသော ဘဝဖြတ်သန်းမှုက သက်သေပြလျက်ရှိ၏ ။

ထိုသို့သော ဆရာကြီးနှင့် တွေ့ဆုံကြုံကြိုက်ခဲ့သော မိတ်ဆွေသင်္ဂဟ၊ လုပ်ဖော်ကိုင်ဖက်များ၊ ကျောင်းသားအပေါင်းနှင့်တကွ အဘယ်သူတို့မှာ ဆရာမျိုးနှင့်ခွဲခွါရမည်ကို ဝမ်းမနည်းပဲနေပါအံ့နည်း။ ဝမ်းနည်းမည်အမှန်ပင်ဖြစ်တော့၏ ။ သို့သော် အချိန်အခါ ကျရောက်ပြီဖြစ်သောကြောင့် မည်သို့မှမတတ်နိုင်။ခွဲခွါကြရတော့မည်။ ဤသို့မခွဲခွါမီ ဆရာမျိုးအား ချစ်ခင်သောအထိမ်းအမှတ်၊ ကြည်ညိုသောအထိမ်းအမှတ်ဖြင့် နှုတ်ဆက်ပွဲများကျင်းပကြပေသည်။ လက်ရှိကျောင်းသားများတင်မက ရပ်နီးရပ်ဝေး ရေမြေခြားမှ ကျောင်းသားဟောင်းများလည်း ဆရာကြီးအား ကြည်ညိုသောကြောင့် “ဆရာမျိုး”အား အမြဲသတိရစေမည့် အထိမ်းအမှတ်တစ်ခုခုကို ပြုလုပ်ရန် စီစဉ်နေကြပေသည်။ ဤသည်တို့ကို ထောက်ရှူခြင်းအားဖြင့် ဆရာမျိုးအား တက္ကသိုလ်ကျောင်းတော်သူကျောင်းတော်သားတို့ အဘယ်မျှ ချစ်ခင်လေးစားကြသည်ကို ချင့်ချိန်ထောက်ဆနိုင်ပေသည်။

ဤနေရာတွင် ဆရာကြီးဦးမျိုးသန့်၏အကြောင်း အတ္ထုပ္ပတ္တိကို သိသရွေ့ အနည်းငယ်ရေးသားရပေမည်။

             ဆရာကား ရခိုင်ပြည်၊ စစ်တွေမှ ဖခင် ဦးဗတင် နှင့် မိခင် ဒေါ်ကြည် တို့၏ မွေးချင်း (၇)ခုနှစ် ဦးအနက် တတိယမြောက် သား ဖြစ်လေသည်။ ၁၉၅၂ခု မတ်လ ၆ရက်နေ့တွင် ဖွားမြင်သည်။

               ဆရာ၏ ဖခင်ကား “လက်သီးပုန်း” ဟူသောစာအုပ်နှင့်တကွ ဘာသာပြန်နှင့် တိုးတက်ရေးစာပေများရေးသားခဲ့သော၊ ဗမာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင်ပါဝင်ခဲ့သော ဗိုလ်ဗတင် ခေါ် သခင်ဗတင် ဖြစ်လေသည်။ မျိုးရိုးအစဉ်အလာကြီးသူပါတည်း။ ဆရာသည် ငယ်စဉ်က ရန်ကုန်မြို့ စိန့်ဂျွန်းကျောင်း (အထက-၁ လမ်းမတော်) တွင် အခြေခံပညာကိုသင်ယူခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင်မြန်မာစာအဓိကဖြင့် ဝိဇ္ဇာဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့ထူးများကို လေ့လာခဲ့သူဖြစ်ပါသည်။ထို့နောက်အမိတက္ကသိုလ်တွင်ပင် မြန်မာစာဆရာအဖြစ်နှင့် တာဝန်ဆက်လက်ထမ်းဆောင်လေသည်။ ထိုမှတဖန် ပုသိမ်ဒီကရီကောလိပ် (ယခု ပုသိမ်တက္ကသိုလ်) သို့ ပြောင်းရွှေ့တာဝန်ယူခဲ့ပြီးနောက်တစ်ဖန် ၁၉၉၆ခုနှစ်မှ ၂၀၁၂ခုနှစ် ပင်စင်ယူချိန်ထိ ရန်ကုန်တက္ကသိုလ်ကျောင်းတိုက်တွင် တွဲဖက်ပါမောက္ခမြန်မာစာဆရာကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့လေသည်။ ခရီးသွားလုပ်ငန်းပညာ ဒီပလိုမာလည်း ရရှိခဲ့လေသည်။


( ယခုပင်စင်ယူပြီးနောက် ရန်ကုန်မြို့ သင်္ကန်းကျွန်းရပ်ရှိ နေအိမ်တွင်အလုပ်တာဝန်များမှ ကောင်းမွန်စွာအနားယူလျက် စာပေရေးသားလျက်ရှိပြီး မောင်ဘုန်းပြည့်(တက္ကသိုလ်) ကလောင်ဖြင့် စာရာမေတိသွားတောလား စာအုပ်အား ၂၀၁၂ခုနှစ်တွင် ပုံနှိပ်ထုပ်ဝေခဲ့ပါသည်။ အနှစ်၃၀ကျော် တာဝန်ယူခဲ့ပြီး ၂၀၁၂ခုနှစ်တွင် တာဝန်မှအငြိမ်းစားယူပြီးနောက် သဘာဝခေါ်သံ ဖောင်ဒေးရှင်းအားတည်ထောင်၍ ခြေလျင်တောင်တက်နှင့် လူမှုရေးလုပ်ငန်းများကိုဆောင်ရွက်ရင်း စာပေများအခါအားလျော်စွာရေးသားလျက်ရှိပါသည် )

Mt.Saramayti by Mg Phone Pyae ( Tattkatho) -@SayaMyo the comprehensive guide and trip experience book about the Summit on the frontier and borderline of Myanmar India , Highest Peak of Naga Hill , described in two chapters about the author's expertise leading expeditions in 2009 and recent trip 2011. Must have book on shelves for Myanmar Mountaineers.

Mt.Saramayti by Mg Phone Pyae ( Tattkatho) -@SayaMyo
the comprehensive guide and trip experience book about the Summit on the frontier and borderline of Myanmar India , Highest Peak of Naga Hill , described in two chapters about the author’s expertise leading expeditions in 2009 and recent trip 2011. Must have book on shelves for Myanmar Mountaineers.


                       မြန်မာစာဆရာအဖြစ် တာဝန်များမအားလပ်သည့်ကြားမှ ဝါသနာအလျောက် လူမှုအကျိုးပြုလုပ်ငန်းများနှင့် အားကစားလှုပ်ရှားမှူများကို အောင်မြင်စွာကမကထပြုဆောင်ရွက်နိုင်ခဲ့ပေသည်။ တက္ကသိုလ်ကျောင်းတိုက်ကြီးမှကြီးမှူးသော နိုင်ငံအနှံစာတတ်မြောက်ရေး “အ”သုံးလုံး လှုပ်ရှားမှုများ၊ ကြက်ခြေနီသင်တန်းများ၊ စုပေါင်း သွေးလှူဒါန်းပွဲများ၊ စာတမ်းဖတ်ပွဲ၊စိန့်ဂျွန်းကျောင်း ပုသိမ်တက္ကသိုလ် ရန်ကုန်တက္ကသိုလ် တောင်တက်အသင်းစသည် တို့၏ လှူဒါန်းပွဲ၊ ဆရာကန်တော့ပွဲ၊ ကျောင်းသားဟောင်းပြန်လည်တွေ့ဆုံပွဲများ ၊ တက္ကသိုလ်လမ်းလျှောက်ပြိုင်ပွဲ စသောအားကစားပွဲများ၊ မဂ္ဂဇင်းဖြစ်မြောက်ရေးစာပေလှုပ်ရှားမှူများနှင့်တကွ တက္ကသိုလ်ဝင်တန်း မြန်မာစာအဖြေလွှာစာစစ်မှူးတာဝန်ပင်မကျန်တက္ကသိုလ်ကျောင်းတိုက်ကြီးဖွံ့ဖြိုးသာယာတိုးတက်ရေးများကို မငြီးမငြူအောင်မြင်စွာဆောင်ရွက်ခဲ့ပါသည်။

ဆရာကြီး၏ ဆောင်ရွက်ချက်မြောက်များစွာအနက်မှ ဆရာမျိုး” ဟူသောအမည်နှင့်အမြဲဒွန်တွဲတစ်သားတည်းကျလျက်ရှိသော “တက္ကသိုလ်ခြေလျင်နှင့်တောင်တက်အသင်း” များ၏လှုပ်ရှားအောင်မြင်မှုများကို မီးမောင်းထိုးပြချင်လှပါသည်။ ဆရာမျိုးသည် မိမိကိုယ်တိုင်လည်း ကျန်းမာဖျတ်လတ်၍ ကိုယ်ကျင့်တရားနှင့်ပြည့်စုံသော သဘောထားတည်ကြည်သောသူဖြစ်သည့်အားလျော်စွာ တပည့်များကိုလည်း လမ်းမှန်သို့ ရောက်စေလိုသော စေတနာနှလုံးကောင်း အမြဲတစေရှိသူဖြစ်လေသည်။ ထိုအတိုင်းပင် ကျောင်းသားလူငယ် များ ကာယ ညာဏ စာရိတ္တနှင့် ဗဟုသုတ တိုးတက်စေမည့်လှုပ်ရှားမှုများကို ဆရာကြီးကိုယ်တိုင် ဦးဆောင်ခဲ့လေသည်။ ဝါသနာအလျောက် အပင်ပန်းခံ ခေါင်းဆောင်ဦးရွက်ဆောင်ရွက်ခဲ့သော အသုံးလုံး ၊ ကြက်ခြေနီ ခြေလျင်တောင်တက် လှုပ်ရှားမှူများအနက်မှ ဆရာမျိုး၏ ပုသိမ် နှင့် ရန်ကုန်တက္ကသိုလ်အခြေစိုက် တက္ကသိုလ်ပေါင်းစုံ ခြေလျင်တောင်တက်လှုပ်ရှားမှူကြီးကား လူတစ်စုမှ လူထုသို့ ဟူ၍ဆိုထိုက်သော နိုင်ငံ၊ပြည်ရွာအနှံ့ တခဲနက် အောင်မြင်မှူကြီးပေတည်း။ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဆရာကြီး ဦးဘသန်းဟက် (၁၉၂၅-၂၀၀၂ ) မျိုးစေ့ချခဲ့သောတောင်တက်လှုပ်ရှားမှုကို ဆရာမျိုးအနေဖြင့် မြန်မာစာဆရာတစ်ဦးအနေဖြင့် ရန်ကုန်မှပုသိမ်ဒီကရီကောလိပ်သို့ ပြောင်းရွှေ့တာဝန်ထမ်းရင်း ပုသိမ်ဒီကရီကောလိပ်တောင်တက်အသင်းဟူ၍ဖွဲ့စည်းကာ မျိုးစေ့မှသည်အပင်ပျိုအဖြစ် ကြီးထွားသက်ဝင်လှုပ်ရှားခဲ့ပါသည်။ ပုသိမ်ကန်ကြီးဒေါင့် စသောခရီးတို ခရီးရှည်လမ်းလျှောက်လေ့ကျင့်ရေးခရီးစဉ်များမှစတင် ဦးစည်းခဲ့ကာ ပုသိမ်တစ်ကျောင်းတည်းအနေဖြင့် ချင်းပြည်နယ် ဝိတိုရိယတောင် အမြင့်ပေ ၁၀၅၀၀ ကျော် တောင်မြင့်ကြီးများနှင့်ခရီးရှည်များ၊ ရှမ်းပြည်နယ် ဆင်တောင်၊မြင်းမထိတောင် အရှေ့မြင်အနောက်မြင်တောင်၊ မိုးကုပ်တောင်မဲတောင် စသော ခရီးကြမ်းများကို အထစ်အငေါ့မရှိအောင်မြင်စွာဦးစီးဆောင်ရွက်လိုက်ပါခဲ့ပါသည်။

၁၉၉၅ ပုသိမ်ဒီကရီကောလိပ်တောင်တက်အသင်း နှုတ်ဆက်ပွဲ

၁၉၉၅ ပုသိမ်ဒီကရီကောလိပ်တောင်တက်အသင်း နှုတ်ဆက်ပွဲ (Photo Courtesy : ION /YUHM archives )

ထို့နောက် ပုသိမ်ကောလိပ်နှင့်အတူ ရေဆင်းတက္ကသိုလ်နှင့် အခြားတက္ကသိုလ်ကျောင်းသားများပါဝင်သော တက္ကသိုလ်ပေါင်းစုံလှုပ်ရှားမှူအဖြစ် မန္တလေး-ပြင်ဦးလွင်-ခရီးကြမ်း အစရှိသောလှုပ်ရှားမှူများကိုလည်း ကမကထဆောင်ရွက်ခဲ့ပြီး နှစ်ပေါင်းများစွာအိပ်စက်နေသော တက္ကသိုလ်များတောင်တက်အသင်းအား လှုပ်နှိုးခဲ့ပါသည်။ ထို့နောက် ၁၉၉၆ခုနှစ်တွင် ဆရာရန်ကုန်တက္ကသိုလ်သို့ပြန်လည်ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရင်း ခြေလျင်တောင်တက်လေ့ကျင့်မှူများ၊ရန်ပုံငွေရှာဖွေပွဲ၊ ဟောပြောပွဲ၊တွေ့စုံပွဲများကိုပါ ဆက်လက်ဆောင်ရွက်၍ ခရီးစဉ်များကိုပါ စဉ်ဆက်မပြတ်စီစဉ်ခဲ့ပါပေသည်။ အထူးအားဖြင့် ဗိုလ်မှူးကြီးလှအောင်လက်ထက်နောက်ပိုင်း နှစ်ပေါင်းများစွာ ပြန်လည်ခြေမချနိုင်ခဲ့သော ရေခဲတောင်ခရီးစဉ်များအား ၁၉၉၈ခုနှစ်တွင် ဖွန်ဂမ်ရာဇီရေခဲတောင်ကို ရန်ကုန်တက္ကသိုလ်တစ်ကျောင်းတည်းအနေဖြင့် အောင်မြင်စွာတက်ရောက်ခဲ့ပြီးနောက်ပိုင်း ဆက်တိုက်ဆိုသလို နှစ်စဉ်ရေခဲတောင်မြင့်ကြီးများဖြစ်သော အီမောဘွန်း (၂၀၀၀ ဧပြီ-နိုဝင်ဘာ ၂ကြိမ်) လွန်ခရုမာဒင်(၂၀၀၂ /၂၀၁၆ ၂ကြိမ်) ဖန်ဂရန်(၂၀၀၃) ဖွန်ဂမ် (၁၉၉၈ / ၂၀၀၈ ၂ကြိမ် ) ၊ စာရာမေတိ (၂၀၀၉ – ၂၀၁၁) ၊ ဖုန်ရင်၊ စသောရေခဲတောင်များကို ဆက်တိုက်ဆိုသလို အရှိန်အဟုန်ကောင်းစွာဖြင့် စီစဉ်ခေါင်းဆောင်ခဲ့ပါသည်။ သဘာဝအခြေခံခရီးသွားလုပ်ငန်းအတွက် အားထားရသောတောင်တက်သမားကောင်းများ ပေါ်ထွက်လာသည်အထိ ဆရာကြီးဦးမျိုးသန့်၏တပည့်များ ပွဲလည်တင့်ခဲ့ကြပါပေသည်။ ထို့ပြင် မြန်မာနိုင်ငံနှင့် ကမ္ဘာ့တောင်တက်သမိုင်းတွင် ခရီးစဉ်ဖြစ်သော အမြင့်ပေ ၁၉၀၀၀ကျော်မြင့်သော ခါကာဘိုရာဇီ တောင်ကြီးအား မြန်မာနိုင်ငံ ခြေလျင်တောင်တက်အဖွဲ့ချုပ်နှင့် ဂျပန်ဝါရင့်တောင်တက်သမား အိုဇာကီတို့ ၁၉၉၆ခု တောင်ထိပ်သို့အောင်မြင်စွာခြေချနိုင်ခဲ့သောခရီးစဉ်တွင် ဆရာမျိုးဦးဆောင်ခဲ့သော ပုသိမ်တက္ကသိုလ်မှ ကိုစိုးမိုးအစရှိသော လူငယ်တောင်တက်ဝါရင့်များပါဝင်အားဖြည့်ခဲ့သည်မှာလည်း သာဓကကောင်းများပင်ဖြစ်လေသည်။ ယခု ဆရာပင်စင်ယူချိန်အထိလည်း မြန်မာ့ခြေလျင်တောင်တက်လှုပ်ရှားမှူကြီး တက္ကသိုလ်တောင်တက်လှုပ်ရှားမှူများမှာ ဆက်လက်၍ ကြီးထွားတိုးတက်လျက် ရှိနေလေသည်။ ဤသို့သော ဆရာကြီးတစ်ဦး၏ တပည့်ဖြစ်ခဲ့ဖူးသည်မှာ အလွန်အားတက်စရာ၊ ဂုဏ်ယူစရာပင်ဖြစ်လေ၏။

            ယခုအခါတွင် ဆရာမျိုး၏တပည့်တို့ကား မြန်မာပြည် တစ်နံတစ်လျားသာမက နိုင်ငံတကာအနှံ့ ပျံ့နှံ့လျက်ရှိနေပေပြီ။ မြို့အုပ်၊ဝတ်လုံ၊သံတမန်၊ရှေ့နေတို့လည်းရှိ၊ ကျောင်းဆရာ၊ ဆရာဝန် ကွန်ပျူတာဆရာလည်းမရှား ၊ အယ်ဒီတာ၊ စာရေးဆရာ၊ လူမှူပညာရှင်၊ သားရဲပညာရှင် ၊စာကြည့်တိုက်ပညာရှင်များသာမက တောင်တက်လမ်း ညွှန် ဓာတ်ပုံဆရာ စသည်ဖြင့် စုံလင်များပြားလှ၏။ မည်သည့်အရပ်ဒေသသို့ ရောက်စေကာမူ တပည့်တို့မှာ ဆရာမျိုးအား ဘယ်အခါမှ မမေ့ကြ။ အမြဲအမှတ်ရကြသည်။ ကျွန်တော်တို့ကျောင်းသားများ နယ်/တိုင်းတပါးဌာနများသို့ရောက်၍ ကျောင်းသားဟောင်းကြီးများနှင့် တွေ့ဆုံမိသောအခါ ယင်းပုဂ္ဂိုလ်ကြီးများမှာ အခြားအကြောင်းမမေးခင် “ဟေ့ ဆရာမျိုးကောကွဲ့ ၊ မာသေးရဲ့နော် ၊ အရင်လိုတောင်တက်တုန်းပဲလားကွ ၊ ဆရာနဲ့ တောင်တက်ရတာ ပညာလည်းရ စည်းကမ်းလည်းတိုး ၊ ပျော်စရာလည်းကောင်းသကွဲ့ ” ဟူ၍ မေးမြန်းလေ့ရှိသည်ကို မကြာခဏပင် ကြားရလေသည်။

     ဆရာမျိုးသည် တောင်တက်ရာတွင် ကျွန်တော်တို့ လူငယ်များ၏ စွန့်စားလိုသောစိတ်များကို လမ်းမှန်သို့ရောက်အောင် စကားလုံးကျစ်လျစ်စွာဖြင့် ဆုံးမပဲ့ထိမ်းလေ့ရှိသူလည်းဖြစ်၏။ ဆရာ့၏ “မလိုအပ်ပဲ မစွန့်စားနှင့်” ဟူသော အဆိုအမိန့်မှာ တောင်တက်ခရီးလမ်းစဉ်တွင်သာမက ဘဝခရီး တစ်လျှောက်လုံးပါ အသုံးဝင်နေဦးမည်ဖြစ်တော့လေသည်။

225323_1529845905422_2127934_n

IDEAL PERSON of MYANMAR UNIVERSITIES HIKING & MOUNTAINEERING-SAYA U MYO THANT, weaving the national flag with his Ice Axe on the Summit of Mt.Phungan ,1998…which is the HISTORIC ASCENT & restart of ICE & SNOW mountaineering by YU team after several decades of U Hla Aung expedition,,,,Saya Myo led & conquered Mt.Phungan with his Yangon University H&M team , turning new pages & beautiful start of Universities H&M teams……….still he again conquered by following Syagyee U Hla Aung expeditions & summits ( Mt, Imawbum, Mt.Phungan 2 times , Mt.Lunkrumardin3 times, Mt.Saramayti 2times and so much more trips and some pioneered ascents to Mt.Phangaran and so many expeditions)…… currently …Saya Myo retired from Unviversity, Assoc:Prof job but he still leading actively for the developments of Myanmar Mountaineers with his foundation INVITATION OF NATURE……….

             ဆရာသည် ဘာသာတရားလည်းကိုင်းရှိုင်းသူဖြစ်ရကား သံဃာတော်များအား အမြဲ လှူဒါန်းဝတ်ဖြည့်သူလည်းဖြစ်လေ၏။ ကိုယ်တိုင်လည်း ပရိတ်ကြီး၊ ပဌာန်း၊ ဓမ္မစကြာဒေသနာတော်များကို အလွတ်ရွတ်ဆိုနိုင်သူဖြကျသည်။
တစ်လလျင် တစ်ကြိမ်၂ကြိမ်ကျစီ ရာသီအလိုက် ကထိန် ဝါဆို စသည်ဖြင့် သံဃာတော်များအားလှူဒါန်း၏။ အစားအသောက်လှူရာ၌လည်း ဆရာသည်ကိုယ်တိုင်အပင်ပမ်းခံ၍လက်ရာကောင်းမွန်စွာ ချက်လေ့ရှိသူဖြစ်၏။ ဆရာ့ မိတ်ဆွေသင်္ဂဟများ၊ တပည့်များ၊ တောင်တက်အဖွဲ့သားများသာမက ကျောင်းဝန်းထဲရှိ ဝန်ထမ်းများပါမကျန် စားဖွယ်ရာများ ရက်ရောစွာ တည်ခင်းလေ့ရှိသူဖြစ်လေသည်။ သံဃာတော်များ၊လူဧည့်ပရိသတ်များအတွက် ကိုယ်တိုင်ညလုံးပေါက် ဇွဲနဘဲကြီးစွာ ချက်ပြုတ်နေသော ဆရာနှင့် ဆရာ့အနီးရှိ ပါရမီဖြည့်ဘက် တပည့်များကို အင်းဝဆောင်တွင် အပတ်စဉ် သောကြာ စနေညများတွင် တွေ့နိုင်လေသည်။ ဆရာမျိုးနှင့် တပည့်များ အတူတကွ ဈေးဝယ်သူကဝယ်၊ ချက်သူကချက်၊ ကူသူကကူ ၊ မကူအားသူကလည်း ဖုံးဆက်မေး၊ နည်းနည်းအချိန်ရသူတို့က ဆရာနှင့်တပည့်များ ဟင်းချက်ရင်းစစာပြေ မုန့်တွေဝယ်လာ ၊ အတူတကွ ချက်ပြုတ်ရင်နှင့် ရာeekyပျာ်စyက်နေ့မနက်အလှူနှင့် တောင်တက်လေ့ကျင်ခန်းအတွက် ညလုံးပေါက်ပြင်ဆင် စကားတွေပြော၊ သီချင်းတွေဆိုနှင့်ပျော်ရာကြီးပင်ဖြစ်တော့သည်။ ဤကား ဆရာမျိုးနှင့် အင်းဝဆောင် တပည့်များ၏ပြယုဂ်ပင်ဖြစ်၏။

             ထို့ပြင် စာသင်ကြားရာတွင်လည်းကောင်း ၊ တောင်တက်ခရီးစဉ်များတွင်လည်းကောင်း ကျောင်းသားများ မပျင်းစေရန်၊ရယ်စရာများကို အလျင်းသင့်စွာပြောကြားလေ့ရှိသည်မှာ ဆရာ့၏ဂုဏ်တစ်ရပ်ဖြစ်၏။ ရယ်စရာဆိုသော်လည်း အကျိုးမဲ့ပျက်လုံးထုပ်နေသည်မဟုတ်ချေ။ ဖတ်စာသင်ခန်းစာနှင့်ဆီလျော်သော ၊ တောင်တက်ခရီးစဉ် ကာလံဒေသံနှင့် ကိုက်ညီသော ဆင်ခြင်ဖွယ်များ၊ ရယ်စရာလင်္ကာရသများကိုသာ သင့်စွာ ပြောကြားတတ်သူဖြစ်၍ ဆရာ့အနားတွင် ကျောင်းသားများ တစ်ဟားဟားနှင့် နေကြသည်ကို တွေ့မြင်ရပေမည်။   ဤကား ဆရာ၏ နှစ်လိုဖွယ်ရာ ဟာသဉာဏ်ပါပေ ။   ဤသို့  ကျောင်းသားများ တစ်ဟားဟားနှင့် နေကြသော်လည်း စာပေဗဟုသုတအရာ၊  အတွေးအခေါ်    စာရိတ္တအရာ၊ ဘဝနေနည်း သင်ခန်းစာများတွင်မူကား    ဆရာ၏ ဆရာ့တပည့်များမှာမခေပါချေ။

      ကျောင်းသားများ မြန်မာစာပေကိုချစ်မြတ်နိုးအောင်  မြန်မာ့ရေမြေတောတောင်သဘာဝအလှကိုတန်ဖိုးထားတတ်စေအောင် တိုင်းရင်းသားများကို လေးစားတတ်စေအောင် စာနာတတ်အောင်၊ ယင်းဒေသများ ဖွံ့ဖြိုးအောင် ကူညီလိုစိတ်တဖွားဖွားပေါ်ပေါက်စေအောင် ဆရာမျိုးကိုယ်တိုင် ဦးဆောင်ထမ်းရွက်ပြ ၍တစ်နည်း၊  သွယ်ဝိုက်ဆုံးမ၍တစ်ဖုံ၊ တိုက်ရိုက် ညွှန်ကြားသည်လည်းရှိပေ၏။ တပည့်များကို ခင်မင်လေ့ရှိသည့်အတိုင်း ငေါက်ငမ်းခဲ၏၊ နားလည်ခွင့်လွှတ်ပေးသည်သာဖြစ်လေ၏။

        ဆရာမျိုး၏ ထူးခြားချက်တစ်ခုမှာ ပျို့ကဗျာများကို စာအုပ်မကိုင်ပဲ အလွတ်ရွတ်ဆိုသင်ပြနိုင်ခြင်းဖြစ်၏။ အင်းဝဆောင်တွင် တပည့်များကဆရာ့ခြေရင်းy၌ထိုင်ကာ တောင်တက်ဒဏ်ကြေရန်၊ ခြေထောက်အရိုးအတက်၊ ဒူးအရွတ်ဝေဒနာစသည်သက်သာစေကြောင်း ဆေးလူးနှိပ်နယ်စဉ်တွင်လည်းကောင်း၊ တောင်တက်ခရီး တောတောင်လျှိုမြောင် တစ်စ်ထောက်နားစဉ်တွင်လည်းကောင်း၊ တောင်ငူဆောင်ဦးချစ်ဆိုင်တွင်လည်းကောင်း ၊ အဖြစ်အပျက်တို့နှင့် လျောက်ပက်သောပျို့၊ လင်္ကာ ၊ မေတ္တာစာစသည်တို့ကို ထုတ်နှုတ်ရွတ်ဆိုလေ့ရှိသည် ။ ” မှတ်ဉာဏ်ကောင်းပါပေ၏” ဟု တပည့်များက မချီးမွမ်းပဲမနေနိုင်တော့ပြီ။ ဤသည်မှာဆရာငယ်စဉ်ကပင် မြန်စာပေနှင့် နိုင်ငံတကာစာပေများကို ကောင်းစွာလေ့လာခဲ့ခြင်းကြောင့်ဖြစ်လေသည်။ ခက်ခဲနက်နဲသော ရှေးမြန်မာကျောက်စာ ၊ကဗျာအကြောင်းအရာစသော “ပါရဂူကျမ်းပြု” စာတမ်းများကို အကဲဖြတ်ရသော ဆရာကြီးဖြစ်သည်သာမက တက္ကသိုလ်မဂ္ဂဇင်း တောင်တက်စာစောင်ဖြစ်မြောက်ရေး စာတည်း၊အယ်ဒီတာ အလုပ်များလည်း အောင်မြင်စွာဆောင်ရွက်ခဲ့သူဖြစ်၍ ရှေးဟောင်းစာပေကော၊ ခေတ်စမ်းစာပေပါ နှံ့စပ်ကြောင်းပေါ်လွင်ပေ၏။

         အသက်အရွယ်ရပြီဖြစ် သော်လည်း ကဗျာ ဉာဏ်၌မူကား လူငယ်များထက်ပင် ထက်မြတ်ပေသေး၏။ ယခုတိုင် တောင်တက်ခရီးစဉ်နှင့်ပက်သက်သော ခံစားချက်များကို ခေတ်စမ်းကဗျာများအဖြစ်စပ်ဆိုလျက်ရှိ၏။ ရသမြောက်ပါပေသည်။
ထို့ပြင်တောင်တက်ခရီးစဉ်အမှတ်တရ လက်ရေးတိုမှတ်တမ်း လိတ်စာစာအုပ်များတွင်လည်း၊ “ရထားအခုန် လက်အတုံမို့ ၊ လက်ရေးသည်းခံပါ” စသော ရယ်ရွှင်စရာ စာချိုးလေးများကို တပည့်များအမှတ်ရဖွယ် ရေးတတ်သူလည်းဖြစ်၏။ အချို့မှာ မပြုံးပဲ ဝါးလုံးကွဲရယ်ရသည်အထိပင်။ စိတ်ကူးကောင်း ဉာဏ်ရွှင်စွာဖြင့် ကျောင်းသားများ တစ်သက်တာအမှတ်တရ သိမ်းထားရအောင် ကောင်းသော ကဗျာ လင်္ကာတိုလေးများဖြစ်၏။ ယင်းတို့မှာလည်းမည်ကာမတ္တမဟုတ် ။ အဓိပ္ပာယ် ဂုဏ်၊ ရသပြည့်စုံသောစာများဖြစ်လေသည်။

             ဆရာသည် လင်္ကာဂီတအရာတွင်လည်း အကြွမ်းဝင်သူဖြစ်၏၊ နေ့စဉ် သီချင်းတညည်းညည်းနှင်လည်း တောင်တက်ခရီးစဉ်များတွင်လည်း စိတ်အားတက်ဖွယ် သီချင်းများကို တပည့်များအတွက် သီဆိုပေးလေ့ရှိသူ ၊ဂီတစွမ်းဖြင့် စိတ်ခွန်အားတက်စေသူလည်းဖြစ်၏။ ကျောင်းသားများ ပျော်ရွှင်စေရန် ဟာသသီချင်းများကို ရယ်မောသီဆိုလေ့ရှိသလို ဇာတိမာန်တက်ကြွဖွယ်၊မျိုးချစ်စိတ်တိုးတက်ဖွယ် သီချင်းများကိုလည်း တပည့်များနှင့်အတူ မီးပုံဘေးတွင်ထိုင်ကာ သီဆိုလေ့ရှိသူလည်းဖြစ်သည်။

တစ်ခါတွင် ရေခဲတောင်ထိပ်စခန်း၌

“အမြင့်ဆုံးသို့ – ရောက်ဖို့ရာ ခြေနာမောဟိုက်ခြင်းကို မာကြောစွာ ဆက်ဆံနိုင်ရမယ်

အမြင့်ဆုံး မရောက်ခင် သိမြင်လိုချင်း ဆန္ဒ ရင်ထဲက လွင့်မကျဖို့လိုတယ် “””””

အစချီသော သစ်လွင်-ဘူမိ၏ အမြင့်ဆုံးသို့ ဟူသော ကဗျာအား ဌာန်ကရိုဏ်းကျစွာရွတ်ဆို၍ တောင်ထိပ်တက်မည့် တပည့်များအား အားတက်ဖွယ် သွန်သင်သော။ ကိုယ်တိုင်ဦးဆောင်သော ဆရာမျိုးအား မည်သည့် တပည့်က မချစ်ခင် မကြည်ညိုပဲ နေပါအံ့နည်း ။။

   လင်္ကာကဗျာ သီချင်းဂီတသာလျင်မဟုတ် ဆရာသည် ခဲချစ်ပုံကလေးများကိုလည်း ရံဖန်ရံခါရေးဆွဲလေ့ရှိသည်။ ဆရာ့အနီးရှိ သတင်းစာစက္ကူထောင့်များ၊ မင်္ဂလာပွဲမွေးနေ့ပွဲဖိတ်စာအဟောင်းများပေါ်တွင် စေတီတော်ပုံ၊ ခြင်္သေ့ပုံ၊ စုလစ်မွန်းချွန်း တန်ဆောင်း ပြသာဒ်နှင့် နန်းတော်ပုံ၊ မြို့ရိုးစသည်ဖြင့် ချစ်စဖွယ် အနုစိတ်လက်ရာသေးသေးနုပ်နုပ်ကလေးများကို ဆရာ့ကိုချစ်ခင်သော တပည့်တစ်ချို့ သတိထားမိချေမည်။ တစ်ခါတွင် တပည့်ကျောင်းသူ ခပ်ဝဝတောင်တက်အသင်းဝင်တစ်ဦး၏ အော်တိုစာအုပ်တွင် အမြီးလိမ်ကောက်ကောက် နှာခေါင်းတွန့်တွန့်နှင့် လက်ရာမြောက်သော ချစ်စဖွယ်ဝက်ပုံကလေးပါ အမှာတရစာနှင့်အတူ အဆစ်ထည့်သွင်းရေးဆွဲပေးသည်မှာလည်း ငိုအားထက်ရယ်အားသန်၊ ဆရာနှင့်တပည့် တစ်သက်မမေ့ဖွယ် အမှတ်တရလေးများ စစ်မှန်သော ခင်မင်မှူများကို ထားတတ်သူပါပေ။

       တပည့်များအား ဆုံးမရာတွင်လည်း တစ်ဦးချင်းစီ၏ စိတ်နေစိတ်ထားကိုလိုက်၍ မည်သို့မည်ပုံပညာပေးလမ်းညွှန်ရမည်ကို သိသူဖြစ်ပါပေသည်၊နှုတ်ဖြင့်ဆောင်မနည်းတစ်ဖုံ၊ စာကောင်းပေမွန်များ လက်ဆောင်ပေး၍ ကိုယ်တိုင်လိုက်နာလိမ္မာအောင် လမ်းပြသည်က တစ်သွယ်နှင့် တပည့်များအပေါ် ဆရာသည် အကျိုးဆောင်ပါပေသည်၊ နူးညံ့စွာကိုင်တွယ်ပါပေသည်ဟူ၍ မချီးမွမ်းပဲမနေနိုင်တော့ပြီ ။

                အထက်အဆိုပါ ဂုဏ် အင်္ဂါ အဖြာဖြာ စိတ္တဗလ ဉာဏ်ပညာ အမြော်အမြင်များနှင့်ပြည့်စုံမွှမ်းထုံသော အဆင်လှကြာ ဆရာမျိုးနှင့် ခွဲခွါရမည့် တပည့်တို့ကား အဘယ်မှာလျင် ဝမ်းမနည်းပဲ နေနိုင်အံ့နည်း။ သို့သော်ဆရာ ပင်စင်ယူချိန်ကျပြီဖြစ်၍ သူချစ်သော တက္ကသိုလ်ကျောင်းတော်ကြီး၊ တောင်တက်အသင်းတို့နှင့် တာဝန်ဝတ္တရားများနှင့် ခွဲခွါရပေတော့မည်။ ကျောင်းသားများ တပည့်များနှင့် ချစ်စဖွယ်ဆက်ဆံရေးကား ခွဲခွါရသော်လည်း ပျက်စီးအံ့မထင်။ ခွဲခွါရန်ကား မည်သို့မျှ တားဆီးမရ ။ ဤသို့ တားဆီးမရ ခွဲခွါရမည်ဖြစ်သော်လည်း ကျွန်တော်တို့ ဆရာကြီး ဦးမျိုးသန့်မှာ အေးအေးချမ်းချမ်း ကျန်းကျန်းမာမာဖြင့် အသက်တစ်ရာ့နှစ်ဆယ် ရှည်ပါစေ သောဝ် ၊ သာသနာ့အကျိုး ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေ သောဝ် ၊ တောင်တက်အသင်းနှင့် လူမှူကရူနာလုပ်ငန်းများကို ဆထက်ထမ်းပိုးခေါင်းဆောင်မှူပြု အောင်မြင်ပါစေသောဝ်ဟူ၍ တောင်တက်သမားအပေါင်း၊ တက္ကသိုလ်ကျောင်းသား တပည့်သစ် တပည့်ဟောင်းအပေါင်းတို့က နှစ်နှစ်ကာကာ ဆုတောင်းလိုက်ရပါတော့ သတည်း။

194078_1475026534972_3506177_o

with saya myo during 2009 Mt.SaraMayTi expedition in Sagain Region.

ဝန်ခံချက် ။ အောက်ပါ စာများရေးသားရာတွင် ဆရာသိပ္ပံမောင်ဝ၏ တက္ကသိုလ် ဆရာကြီးဦးပွါး ဟူသောဆောင်းပါးအား အပြည့်အဝကူးချထားကြောင်း ဝန်ခံအပ်ပါသည်။

Copied the Main body of article from the book  သိပ္ပံမောင်ဝ – စာပေ ယဉ်ကျေးမှု(ဒုတိယအကြိမ် နှာ-၃၂၇-၃၃၀ )

Advertisements
This entry was posted in Biography, Essay, Memorial and tagged , , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s