အိုလံပျာ-တောင်သို့ခရီးတစ်ခေါက်

အိုလံပျာ-တောင်သို့ခရီးတစ်ခေါက် O:) O:) O:)
————————————————————————–
(ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း)
ဟိုက်ကင်နှင့် ကလိုင်ဘင်နယ်တွင် ခြေရှုပ်နေသော အင်းဝညီနောင်ထဲမှ မကြီးမငယ်ကောင် ဒိုးလူသည် တောင်တက်လောကသားများကို ဝေဖန်ရေးလုပ်၍ ဖေ့စဘုတ်တွင်စတေးတပ်များတင်ရာမှ တောင်တက်သမားကြီးငယ်တစ်ချို့က မကျေနပ်သဖြင့် လေထန်ချစ်တရားရုံး (ဦးချစ်) တွင် တရားစွဲဆိုကြ၏။ :v မိန်းထဲမှကန်ထရိုက်သုခမိန်ကြီးပေါင်ရဲမင်း Ye Min​ က အပြစ်ထင်ရှားသည်ဆိုပြီး ဒိုးလူကို မျောက်ခေါင်းဓားစက်ဖြင့် ခြေ/လက်ဖြတ်ပစ်ရန် အမိန့်ချမှတ်လိုက်သည်။ ဘကြီးတော်ရသဲ့ကြီးဦးခင်မောင်သိန်း၊ သက်တော်ရှည်ဘိုးဘိုးစိန်စိန်အောင်နှင့် ပညာရှိအမတ်ကြီးဘိုးနိုင်းနိုင်း Htunhla Aung​ တို့က မေတ္တာရပ်ခံသဖြင့် ဒိုးလူ အား မသေမချင်းကလိုင်ဘင်လုပ်စေရန် ပြောင်းလဲအမိန့်ချသည်။ 😛 တောင်တက်လောကသားများလည်း ဒိုးလူကို ဝိုင်း၍ ငပိကြော်၊သကြားလုံး၊ပဲပုပ်ထောင်းစသည့် စပွန်စာအပြည့်ဖြင့် တစ်ယောက်တည်း တောင်သွားတက်စေဟု နယ်စပ်သို့ စေလွှတ်လိုက်တော့၏။ 😀
————————————————————————–
အချိန်ကာလ။ ၂၀**ခုနှစ် ဩဂုတ်လ ၁၃ရက်
နေရာကား ။ ဒင်ဒေါ်ရာဇီ တောင် ရေခဲချောက်အတွင်း တစ်နေရာ၊
ကိုယ့်အသက်ရှူသံက ဒီရေခဲချောက်အတွင်းမှာ ပဲ့တင်ထပ်နေသည်။ သတိကပ်နေသဖြင့်ဘာတွေဘယ်လိုဖြစ်ပျက်သွားတယ်ဆိုတာကိုအသေးစိတ်မှတ်မိနေ၏။ -_-
————————————————————————–
ဒီရေခဲချောက်ထဲပြုတ်ကျသည့်အချိန်ထိအောင် မနက်အာရုဏ်ဦးနေချည်ပင်လျင်တိုးမထွက်လာသေး၊ ကိုယ်ညက ၁နာရီကတည်းကထပြီး Weather check လုပ်ခဲ့သည်၊snow conditionကောင်းသည်၊နှင်းထုကပျော့ပေနဲ့အရမ်းမထူထဲသေးတာမို့ ဒီနေ့ညဦးယံမှာ တောင်ပေါ်ကပြန်ဆင်းဖို့ဆုံးဖြစ်လိုက်၏။ မနေ့ညကအိပ်စက်နားခိုခဲ့တဲ့SnowHoleထဲမှာတော့ ကိုယ်ဟာ အိပ်တဝက်နိုးတဝက်။
ထုံးစံအတိုင်း တောင်ပေါ်မှ (ယို့ယို့၊အာဟား၊အာဟ ) စသောသီချင်းအတိုအစများညည်းကာဆင်းခဲ့သည်၊ တောင်ထိပ်ရောက်စဉ်ကလည်း ” ယို့ယို့-ဝက်စပ်-ဝက်စပ်-ကြက်ချို” ဟုသာ SPOT device မှ သတင်းပို့ခဲ့၏(စကားဝှက်ကိုသဘောပေါက်သော ဘော်ဒါတစ်ချို့သာတောင်ထိပ်ရောက်ကြောင်းသိပေလိမ့်မည် ၊ SPOT messanger device နဲ့ ကိုယ့် ဖွစဘုတ်အကောင့်ချိတ်ထားသေး၏၊ စပ်စုတက်သောဖေ့စဘုတ်ယူဇာများလည်း SPOT-GPS`-လင့်အတိုင်းနေရာသိကောင်းသိနိုင်၏။ ) အဆင်းလမ်းမှာစိတ်လက်ကတော့ထုံးစံအတိုင်းပေါ့ပါးမြဲပေါ့ပါးလျက်။ တောင်အတက် စိုက်လိုက်မတ်တတ်လမ်းကတော့အတော်ဟိုက်သည်၊ တစ်ယောက်တည်းsoloတက်ဖို့ဖြစ်လာသဖြင့် တစ်ခါတလေအထီးကျန်သလိုခံစားရတာကလွဲပြီး တောင်ပေါ်မှာအဆင်ပြေလှပါ၏။ အနည်းဆုံးတော့ ကိုယ်ပြုတ်ကျရင် တွဲဘောမပါတာတစ်ချက်တည်းနဲ့တင် တက်ရတာ စိတ်ရောကိုယ်ပါလွတ်လပ်လှ၏။ တစ်ခါတစ်ရံတော့ ချစ်ဇနီး နဲ့ တက်နေကျဘော်ဒါတွေ ကို သတိရသလိုလို၊ ကြိုတင်ရွေးချယ်ထားတဲ့လမ်းကြောင်းအတိုင်း အတက်ကို မတ်စောက်တဲ့ ကျောက်ထရံတွေဘက်ကလမ်းကိုရွေးခဲ့သည်၊ ပြန်အဆင်းမှာ တော့ အနောက်မြောက်မျက်နှာစာ ပေ၈၀၀ လောက်တော့ ကျောက်ထရံတွေအတိုင်းကြိုးလျှောချပြီး rappel လုပ် ဆင်းဖို့ ရယ် ၊ အဲ့ဒီကနေ ရေခဲဆီး နှင်းတောင်စောင်းအတိုင်း ခြေလျင်ဆင်းဖို့ရာ ကြိုပြင်လာခဲ့သည်။ rappeling ဆင်းရင်း ကြိုးကကျောက်အချွန်းတွေနဲ့ပွတ်တိုက်ဖန်များတာမို့ ကြိုးရဲ့တစ်ချို့နေရာတွေမြင်မကောင်းအောင်ဖွာလန်ကျဲနေပေပြီ။ ခေါင်းကဓာတ်မီးနဲ့ ဖျတ်ခနဲအလင်းဖျာကျသွားစဉ် တွေ့မိလိုက်သဖြင့်တော်သေး၏။ စိတ်ကိုတည်ငြိမ်အောင်ထိန်းလိုက်သည်။ ကျောက်အက်ကွဲချောင်းထဲ ပစ်တွန် (သံငုပ်) ကိုရိုက်ထည့်ပြီး ကိုယ့်ရဲ့ခါးကကြိုးကို rappel ring မှာလျှိုလိုက်သည်၊ ပြုတ်မကျနိုင်တော့။ ဓာတ်မီးခဏပိတ်ကာ၅မိနစ်လောက်နားဦးမည်။ ကိုယ့်နာရီကိုကြည့်လိုက်၏။ အမြင့်ပေ တစ်ခြောက်ထောင်ရှစ်ထောင့်လေးရာ ၊ရေခဲမှတ်အောက် အနှုတ် ၃ ဒီကရီ၊ မနက်၃နာရီထိုးဖို့ရာ ၁၅မိနစ်အလို ၊ကောင်းကင်မှာ နဂါးငွေ့တန်းနဲ့ ကြယ်တွေ အတိုင်းသားမြင်နေရ၏။ (ကိုဇော်တင်မောင်-အဲလေ-ကိုင်ဇာတင်မုံ ရဲ့ အာကာသပြတိုက်သီချင်းကို အလိုလိုညည်းမိ၏)။ ဒီတစ်ခေါက် ကင်မယာဂီယာတွေထည့်မလာချေ၊ စိတ်မျက်စိဖြင့်သာ လောင်းအိတ်စပိုရှာဆွဲကာ ခံစားမှတ်တမ်းတင်ရ၏။ နားလို့ဝပြီးခရီးဆက်ရသေးတော့ချေတမုံ့။ ကျောက်ထရံဘက်က ကြိုးလျှော့ဆင်းတဲ့လမ်းကြောင်းကနေ တောင်ကျောအတိုင်းရသလောက်သွားပြီး အနောက်တောင်ဘက်ရေခဲမြစ်အတိုင်းဆင်းဖို့ရွေးလိုက်ပြီ။ အဲ့ဒီမှာ ရေခဲပြင်အက်ကြောင်းတွေပေါ်မှာ နှင်းပါပါးလေးဖုံးထားတဲ့ သဘာဝထောင်ချောက်တွေ အတားအဆီးတွေပေါပါဘိ၊ မတတ်နိုင်ဘူးလေ၊ ကိုယ်ကတောင်ပေါ်ထိတက်ဖို့ရွေးချယ်ခဲ့တာကိုး၊ ပြန်ရောက်အောင်ဆင်းရမပေါ့။ ဒီလိုနဲ့ လရောင်ကြယ်ရောင်အောက်မှာ ကိုယ့်အိမ်ကိုမှန်းဆခရီးနှင်၍ပြန်ခဲ့သည်။
————————————————————————–
ရုတ်တရက်ဆိုသလို ကိုယ့်ရဲ့ဆူးဖိနပ်ခရမ်ပွန်အောက်က နှင်းသားထုကျွံကျသွားတာသိလိုက်၏။လက်ထဲမှာဆောင်ထားသည့်ရေခဲပုဆိန်ဖြင့်ချက်ချင်းအလျင်အမြန်အားကုန်လွှဲပေါက်သောလည်းမမီတော့ချေ၊ ရေခဲချောက်ပေါ်ဖုံးနေတဲ့ နှင်းထုပါး ပေါ်ရောက်မိလျက်သားကိုး။ကိုယ်နဲ့ကိုယ့်ရဲ့ ကျောပိုးအိတ်အလေးချိန်နဲ့ ပေါင်းကာ အဆီးအတားမဲ့လေဟာနယ်ထဲ လွင့်ကျသွားတော့၏။
————————————————————————–
အမှောင်အမိုက်ထဲမှာ သက်ရင့်ရေခဲတွေ ပြာလဲ့လဲ့မီးစုန်းအလင်းထွက်နေသယောင်ထင်ရ၏၊ တစ်ကယ်တော့ သူပြန်နိုးလာခြင်းဖြစ်သည်၊ အေးစက်ချောက်ကပ်လှတဲ့ ရေခဲချောက်ထဲမှာပင်ရှိနေသေး၏။ အရုဏ်တက်ပြီးမိုးလင်းချိန်တိုင်ရောက်လာသဖြင့် ပြင်ပအလင်းရောင်ကြောင့် ရေခဲချောက်အတွင်း မှိုင်းပြပြမြင်နေရ၏။ ကိုယ်ထူးထူးထွေထွေလိုက်မစပ်စုဖြစ်ပါ၊ ကိုယ်ကလွဲပြီး ဒီနေရာမှာဘယ်သူမှမရှိနိုင်တာကြိမ်းသေနေ၏။ ပက်လက်လန်ပြုတ်ကျထားရာမှထဖို့ကြိုးစားကြည့်၏။ ကျောဘက်က တော်တော်နာကျင်နေပြီ၊ ကျောပိုးအိတ်အလေးကြီးဖြစ် ပြုတ်ကျခြင်းကားမသက်သာလှ၊ ( တစ်နည်းအိတ်ခံနေ၍ တော်သေးသည်ဟုလည်းဆိုနိုင်သည်)၊ ရေခဲချောက်အောက်ခြေကြမ်းပြင်နှင့်ဆောင့်မိသည့်ဒဏ်ကြောင့် နံရိုးတစ်ချို့ ကျိုးအက်သွားတာလည်းဖြစ်နိုင်သည်။ ခြေလက်များ ပွန်းပဲ့ရုံကလွဲ၍ အသဲခိုက်အောင်မနာသေး။ခြေလက်မကျိုးသေးဟုတော့ယူဆရသည်။ ကျောပိုးလွယ်အိတ်မှ ခါးပါတ်လွယ်ကြိုးများ ဖြေးဖြေးဖြုတ်ကာ ထထိုင်လိုက်၏။ အရင်ဆုံး ရင်ဘတ်မှ SPOT messenger device ကိုစမ်းကြည့်မိ၏။ ရှိနေသေး၍ ဝမ်းသာမိသည်၊ အနည်းဆုံးတော့ ကိုယ့်ရဲ့ တည်နေရာကို သတင်းပို့နိုင်ပြီမဟုတ်လား။ ဓာတ်ခဲလည်းမကုန်သေးသဖြင့်ပိုအားရှိသော်လည်း အရင်မိတ်ဆွေများ၏ဖြစ်အင်ကိုသတိရ စိတ်ထိခိုက်မိ၏။ ကိုယ်ချင်းလည်းစာမိပေသည်။ ကိုယ်သေမည့်အတူ သူများကိုဒုက္ခမပေးတော့ဟုသဘောပိုက်ကာ SPOTdevice မှ SOSmessage မပို့တော့ဟုစဉ်းစားမိ၏။ ( သူတို့လည်း ဤသို့ဤပုံတွေးပြီး သတင်းမပို့တော့တာလည်း ဖြစ်ကောင်း၏ )
————————————————————————–
ရေဗူး နဲ့ ချောကလက်တချို့ ထုတ်စားသည်၊ မြုံ့ရင်း လွတ်မြောက်လမ်းကိုလည်း ရှာကြည့်သလို ရှာမတွေ့ပါကလည်း၊သေရန် တော်တော အချိန်ရသေးသည်။ လမ်းကား ၂လမ်းတွေ့၏။ ချောက်အတိုင်းအပေါ်ပြန်တက်မလား၊ ချောက်ရဲ့အောက်ဖက်က ရေခဲပက်ကြားအက်အတိုင်း ဆက်ပြီးဆင်းကြည့်ပြီး ထွက်ပေါက်ရှာမလား ၊ ၂ခုလုံးက ဖြစ်နိုင်၏။ လွတ်မြောက်ရန် အာမခံချက်ကားမရှိ။
————————————————————————–
ဘာပဲဖြစ်ဖြစ် ဖွစဘုတ်ပေါ်တင်ဖို့ မတ်စေ့တော့ပို့ဦးမှပဲတွေးမိသည်။ SPOTdeviceမှ SOSခလုပ်အစား ရိုးရိုးလိုကေးရှင်းmessage ကို “ကျူမီးငါး ပေါင်သားရယ် ကျူမီးငါး ” ဟုသာရေး၍ တင်လိုက်၏။ အမြဲတမ်း ဖွစဘုတ်တွင် အခွက်ပြောင်လာခဲ့ရာ ဒီတစ်ခါလည်း ကိုယ့်စတေးတပ်ကို ပေါက်ကရသုံး/လေးဆယ် ဝင်ရေးကြစေ။ ကိုယ်မသေခင်နောက်ဆုံးအချိန်ထိ လူပေါကြီးအဖြစ် နေရသည်မှာ မြတ်လှ၏၊ သူများကိုစိတ်ဒုက္ခမပေးပဲ ရယ်စရာပဲပေးလို့ ငါဟာ နတ်ပြည်ရောက်မဲ့ အလောင်းလျာပါတကားဟုလည်း ထုံးစံအတိုင်း ချိုကြွမိသေး၏။ အကယ်ကားရခဲချောက်အတွင်းပြုတ်ကျခဲ့သောနံရိုးဘယ်နှချောင်းကျိုးထားမှန်းမသိသောကျနော်hallucinate ဖြစ်ပြီး အာရုံမှာ ထင်ချင်ရာထင်တာလည်းဖြစ်နိုင်ပါသည်။
————————————————————————–
ရေနဲ့ချောကလက်တန်ခိုးဖြင့် ဗိုက်ဝလာသဖြင့် ချောက်အတွင်းမှထွက်ရန် လုပ်ငန်းစတင်တော့၏၊ မစ၍လည်းမရတော့၊ ဒီတိုင်းထိုင်နေလျင် ဒီချောက်ထဲမှာ လူကအေးခဲပြီး စန့်သွားနိုင်သည်မဟုတ်လား။ တောင်တက်သမားကွ ကျား(စ) ဟုအားတင်းကာ အပေါ်တက်မည့်လမ်းကိုရွေးလိုက်၏။ ကျောပိုးအိတ်ကို ကြိုးစဖြင့်ချည်ခဲ့ပြီး၊ ရေခဲပြာလဲ့လဲ့နံရံကို ကိုယ့်စတင်တွယ်တက်၏။ ( မည်သို့တက်လိုက်သည်မသိ အပေါ်ရောက်သွား၏။ ကျောပိုးအိတ်ကိုဆွဲတင်ရင်း နံရိုးများကနာကျင်လှ၏၊ ( မထက်စီလီကွန့်ထည့်စဉ်ကလည်း သူဒီလိုပဲနံရိုးတွေနာခဲ့တာပါတကားဟု အရင်တစ်ခေါက်ရေးဖူးတဲ့စာကိုပြန်သရရင်း နာနေသည့်ကြားမှ အသံထွက်ရယ်မိပြန်၏ ) အခြားတယောက်မြင်ပါက မောင်ဒိုးတစ်ယောက် ရေခဲချောက်ထဲပြုတ်ကျပြီး ဂေါက်သွားရှာပြီဟုထင်မည်မှာ ဧကန်ပင်။့ ရေခဲချောက်ကား ၂ဆင့်ဖြစ်ဟန်တူသည်၊ ကိုယ်အပြင်သို့လုံးလုံးမရောက်သေး၊ပထမအဆင့်၏ ရေခဲချောက်ငေါထွက်နေတဲ့နေရာပေါ်တွင်နေရာခပ်ကျယ်ပြန်ပြန့်လေးရှိနေ၏။ နေရောင်လည်းဖြာဝင်နေပုံထောက် ၍ သိပ်မလိုတော့။ သို့သော် ပင်ပန်းလှပြီ၊ မနက်၁နာရီကတည်းကနေ ခုထိ၊ ကိုယ်ခဏနားချင်ပြီ၊ နေရောင်ချည်လေးကို အဖော်ပြုကာ ကိုယ်အိပ်စက်တော့မည်။ မနိုးသောအိပ်ခြင်းလည်းဖြစ်နိုင်၏။ သို့သော ကိုယ် အရှုံးမပေးခဲ့၊ အနားတော့ယူရမည်မှာ
အနှေးနဲ့အမြန်ဖြစ်၏။ ကိုယ့်အတွေးနဲ့ကိုယ် ပျော်နေ၏၊သရဏဂုဏ်လည်းအထူးတင်ဖို့မလိုပေ၊ ကိုယ်၌တည်ပြီးဖြစ်၏။ ကိုယ်ကား စိတ်ဒုံးဒုံးချကာ အတွေးနယ်ချဲ့မနေပဲ အိပ်လိုက်တော့၏။
<<<<<<<<<<<<<<<<<<<>>>>>>>>>>>>><<<<<<<<<<<<>>>>>>>>>><<<<<<<<<<>>>>>>>>><<<<<<<>>>>>>
မပြီးသေးသော ဇာတ်လမ်းအကျယ် : ကိုယ်အိပ်ယာကနိုးလာ၏။ ကျောပိုးအိတ်တွေမရှိတော့။ခက်ချေပြီ၊ ဘယ်ကောင်လာမသွားလဲမသိ။ မဟုတ်သေးပါဘူး။ ငါရေခဲချောက်ထဲကနေဘယ်ကိုရောက်လာတာလဲ။
မြင်လေရာမှာလည်း၊ တောင်ခိုးတွေမြူတွေ ဖြူလွှလွှ ၊ တောင်တက်ရင်းမြင်နေကျတာကမဆန်း၊ ဆန်းတာက ခြေထောက်နားမှာ ရစ်ဝဲနေသော အငွေ့တွေ။ မဟုတ်မှလွဲရော ကိုယ်ရောက်နေတာ “နတ်ပြည်” များလား။
ကိုယ် “ဒိုးလူ” လူစင်စစ်နေ “ဒိုးနတ်” ဖြစ်သွားပြီလော ၊ ဒိုးနတ် တဲ့ မဆိုးဘူးဟ၊ ခေါ်လို့ပင်ကောင်းသေး၏။ ကိုယ့်နတ်နာမည်ကို ကိုယ်ကြိုက်ပြီလေ ။ ဒါနဲ့ နတ်တန်ခိုးနဲ့ လိုချင်တာဖန်ဆင်းဦးမှပဲ။ လာလေရော့ ” ကန်ဘဲ့ကမြေတစ်ကွက်နဲ့ ကလိုင်ဘင်ဝေါ တစ်ခု” ဘာမှဖြစ်မလာ။ ဒိုးနတ်”မျက်စိပလင်းကွဲနှင့် ရန်ကုန်ကိုလည်းပြန်ကြည့်ကြည့်၏။ မရ ဘာမှမပေါ်လာ။ ဒါဆိုကိုယ်ဟာ “ဒိုးနတ်” ဘဝမရောက်သေး။ “ဒိုးလူ” ပဲ ရှိသေးတာပေါ့။ ငါ့နှယ် ဟိုမရောက်ဒီမရောက်နဲ့ လူမဟုတ်နတ်မဟုတ် “ဒိုး-တန်းလန်း”ဖြစ်နေပါပေါ့။
ထိုစဉ်- ဟေ့- မင်းဘယ်ကနေ ဒီကို ရောက်လာတာတုံး ဟူသောအသံဖြင့် လူဖြူကြီးတစ်ဦး “ဒိုးလူ”အနားရောက်လာ၏။ (ပတ္တရောင်လှည့်လာသော- နတ်သားကြီးဖြစ်ကြောင်းနောက်မှသိရသည်)။
ဒိုး- ခင်ဗျားကဘယ်သူတုံး -ဖြူ- ငါက ဟဲဗင်း အင်မီဂရေးရှင်းကပဲ – ဒိုး- အမ် -ဖြူ- မင့်နာမည် မပါသေးဘူးကွဲ့ ၊ မင်းဒီကိုရောက်ဖို့စောသေးတယ် ဒိုး – အလဲ့ဒါဆို ဒါကနတ်ပြည်အစစ်ပေါ့ -စောသေးတယ်ဆိုတော့ နောက်ကျရင်ရောက်မှာပေါ့ညော်။ မသိလို့ မေးပျစေ၊ဒါက အင်္ဂလိပ်နတ်ပြည်လား ဗမာနတ်ပြည်လား
ဖြူ- နတ်ပြည်မှာ အကုန်အတူတူပဲ၊ တစောက်ကန်း ဘာသာရေးကိုင်းရှိုင်းတဲ့ သူတွေဖို့တော့ဒီမှာနေရာ မရှိဘူး၊အေးဒါပေမဲ့ လူကောင်းတွေရှိတယ်၊ မင်းရောက်မရောက်ကတော့ မင့်စိတ်ထားနဲ့စေတနာပေါ်မူတည်တယ် ၊ ကဲကဲ ကောင်လေးမင်းပြန်ချေ၊ ဒိုး- နို့- အနော်က ဘိုလိုပြန်ရမှာတုံး – ဖြူ- အေးကွ မင့်တို့တောင်တက်မှာ ပြန်ပို့ချင်တာတို့ အိမ်ကိုပြန်ခါနီးတို့ဆို ဘယ်လိုလုပ်တုံး
ဒိုး- ( အာတီယူ သိသောက် မွိုက်ကေ ) လို့ ပြောတာပဲဗျ၊
ဖြူ- အေးဒါဆိုလည်း အဲ့ဂါထာရွတ်ပြီး ပြန်ချေတော့ကောင်လေး (ဟုဆိုကာ အဆိုပါ အိန်ဂျယ်ကြီးလည်းပျောက်ကွယ်သွားတော့သည်)။

ကိုယ်ကား ဝမ်းသာ အားရ ( အာတီယူ သိသောက် မွိုက်ကေ ) ဟုအော်ပြီး ပြန်မည့်ဆဲဆဲ သတိရသွားသည်။ ဒီရောက်တုံးရောက်ခိုက် ဝင်စပ်စုဦးမှပါဟု အကြံပိုက်မိ၏။
ဒါနဲ့ ဇက်ကလေးပုကာ ဟို နတ်ဖြူကြီးမမြင်အောင် အခိုးအငွေ့တွေထဲ လျှောက်၏၊ ( မမြင်မစမ်းနဲ့ နတ်ပြည်အပေါက်ထဲ တောင်ပေါ်မှာလိုကျွံကျမှာလည်း ကြောက်ရ၏ ခဲမှန်ဖူးတဲ့ ဒိုးလူ ရဲ့ အဖြစ်)
တွေးရင်းငေးရင်း လမ်းလျှောက်ရင်း လျှောက်ရင်းနှင့်ပင် အခိုးအငွေ့များကြားမှ “ဒေဝတာ မြို့တော်” ဟူသောဆိုင်းပုဒ်ကို ခပ်ရေးရေးမြင်မိ၏။ ထိုစဉ် အခိုးအငွေ့များ ရှူးကနဲပန်းထွက်လာပြီး စတစ်ကော်လာအဖြူ၊တိုက်ပုံ၊လွယ်အိတ်ဘေးတစောင်းလွယ်ထားသော ပုဂ္ဂိုလ်တစ်ဦး ရုတ်ချည်းပေါ်လာလေ၏။ အနှီ ပုဂ္ဂိုလ်ကား ဆရာ ဉာဏ်ပေါ် (စာရေးဆရာ မင်းလူ) ပင်ဖြစ်၏။ (မင်းရေးနေတဲ့ “ဒေဝတာ မြို့တော်” ဆိုတဲ့စာလုံးတွေ့လို့ ငါလာခဲ့တာပဲဟု မိန့်လေ၏။ ဒိုးလူ ဆိုသည်မှာလည်း သူ့ကလောင် မင်းလူကို ဆင်တူရိုးမှားပြုထားကြောင်း ဆိုလေ၏။ ) ကျွန်တော်လည်း ဆရာမင်းလူအား သွေ့ပုရှိ-ရှီးဖော့ ဟု ဒူးထောက်ကာ ဆက်လက်၍ဆရာ့ဝတ္ထုတိုကိုမှီးရေးခွင့်ပေးရန် တောင်းပန်လိုက်ပါ၏။ တောင်တက် ဟိုက်ကင်စီနီယာများကို ဒီနေရာတွင်လာရှိမိကြောင်း လည်း ရှင်းပြရလေ၏။ ထို့နောက် ဒိုးလူက ” ကော်ပီ ဟုအဓိပ္ပာယ်သက်ရောက်ခြင်း မရှိစေရ”: ဟုလည်း ဆရာ့ အားထက်ကွန့်မိပြန်၏။ ဆရာမင်းလူလည်း ပြုံးကာ “ပေါင်သားရယ်သည်-အသက်ရာကျော်ရှည်ပါစေသတည်း” ခေါင်းငြိမ့်ဆုပေးကာ ပျောက်ကွယ်သွားတော့၏။ ကိုယ့်လက်ထဲတွင်ကား ပတ္တမြားကျောက်စီ ဘီအီး ပုလင်းအလိုလိုတွေ့ရ၏။ ဆရာ့ တန်ခိုးပါပေ။ ထိုသို့ဖြင့် မောင်ဒိုးလူ လည်း ဆရာမင်းလူနည်းအတိုင်း “ဒေဝတာ မြို့တော်” အပေါက်စောင့်တို့အား ပတ္တမြားကျောက်စီ ဘီအီး တစ်ပက်စီ လာဘ်ထိုးကာ နတ်တို့အိမ်ယာ ဒေဝတာ ကွန်ဒိုတွင်း သို့ မှောင်ခိုလက်မှတ်ဖြင့်ဝင်တော်မူလေပြီတကား။ ဘယ်ကိုသွားချင်လဲ” ဟုယင်းအစောင့်များမှမေးရာ- ကျွန်တော် ဟိုက်ကာ-ဒေဝတာများထံသွားလိုကြောင်းပြောလိုက်၏။ ယင်းအစောင့်တို့လည်း နီးရာ ဟိုက်ကာမှ လာကြိုရန် “ဒေဝတာ မြို့တော်” ဖေ့စဘုတ်ဂရုတွင် post လုပ်လိုက်သည်ဟူသတတ်။

မရှေးမနှောင်းပင် တိုယိုတာ-Mark-II ကို upgrade လုပ်ပြီး 4wheel-drive လုပ်ထားသော နတ်ပန်းရထားလို ယာဉ်တစ်စင်းပေါ်လာသည်။ ရုတ်တရက်မမှတ်မိ နောက်တော့မှ ကိုနံပြား – ကားတံခါးဖွင့်ကာ- ဟေ့ကောင် ဒိုးလုံး-ဒီပေါ်တက်အချိန်မရဘူး trainingနောက်ဆုံးနေ့ပြီးပြီး ညနေတို့ဆီက စူဠာမဏိ စေတီ အောင်မြေ သွားနင်းရမှာ၊မြန်မြန်တက်” ဟုပြောလေ၏။ ကားထဲရောက်မှ ထုံးစံအတိုင်း အာလူးဖုတ်ကြလေ၏။ သူ၏ ကားကား Mark-II ဇိမ်ခံကားဖြစ်သဖြင့် ငြိမ့်လှသည်၊ ထို့အပြင် လူ၄၅ဦးခန့် အသာလေးချောင်ချောင်ချိချိစီးနိုင်၏။ ( ရန်ကုန်ဟိုက်ကင်တုံးက
Mark-II မှသည် ပစ်ကပ်-LiteAce ပြောင်းစီးကာ ဘုန်းကြီးပင့်၊ခရီးထွက်၊ဈေးဝယ်စသည်ဖြင့် ဟိုက်ကင်အကျိုးတော်ဆောင်ခဲ့ခြင်းက ထိုကဲ့သို့ ထူးခြားသည့် စီးတော်ယာဉ်ရရှိရန်အကျိုးဖြစ်လိမ့်မည်။

ကိုနံပြားအား လူ့ပြည်တုံးကလို ကားထဲအမှိုက်ရှင်းရသေးလားဟူ၍ နောက်၏။ သူကရယ်ကျဲကျဲဖြင့် ” ဒါနဲ့ နေပါဦး မင်းက လာချိန်မတန်သေးပဲ ဘလိုရောက်လာသတုံး” ဟုမေးလေ၏။
ဒိုး- ကျွန်တော်- တောင်တက်ရင်း ခဏမြောနေတာဖြစ်မယ်ဗျ၊ ရောက်တုံးရောက်ခိုက် ဒီမှာ “ဒေဝတာတောင်တော်မြင့်မိုရ်” ဘာညာရှိမလားလို့ ဝင်ကြည့်တာ ဟိုက်ကာတွေလည်းစုံရင်းပေါ့ ။
ပြား- အတော်ပဲ ဒီနေ့ ငါတို့ အိုလံပျာ တောင်သွားတက်မို့ ၊ လူကတော့အစုံပဲကွ၊ဒီမှာက
ဒိုး- ကောင်းလှချည်လား၊ ဒါနဲ့ အိုလံပျာ ကဘယ်မှာတုံး
ပြား- တစ်ခြား ဘုံမှာ မင့်လိုက်လိုရတယ် အင်္ဂါဂြိုလ်မှာပဲ။
ဒိုး- နို့ အင်္ဂါဂြိုလ်မှာ တော့ Olympus Mons ဆိုတာကြားဖူးတယ် ၊အဲ့တာ အိုလံပျာပဲလား။
ပြား- အေးဟုတ်တယ်- အဲ့တောင်ကွာ အဲ့Olympus Monsကိုသွားတက်မှာ။

ထိုအခိုက် ရုတ်တရက် ကားထဲတွင် ကိုပုံကြီး Khin Maung Kyaw​ ရောက်လာလေ၏။ ဟာ ကိုပုံကြီး
အေးဟေ့ရောင်- မင်းနဲ့ နံပြားအတူဒီမှာ ဆင်ကြံကြံနေတာ ငါ့နာရီမှာ လာပေါ်နေတာနဲ့ စက်ဘီးစီးနေရင်းနဲ့ လှည့်ဝင်လာလိုက်တာပဲ
ကိုပုံ့ကို အကဲခတ်ကြည့်လိုက်သောအခါ နတ်ဝတ်နတ်စားနှင့် မဟုတ်ဘဲ ဟိုက်ကင်တီရှပ်နှင့်ဘောင်းဘီတိုသာ ဝတ်ထားတာတွေ့သဖြင့်….
ဒိုး-” ဒီက အဝတ်အစားက. ..”
ပုံ- ” ဩော်… ဟဲဗန်းပုံတွေထဲကလို သင်တိုင်းအဖြူကြီးတွေဝတ်ထားမယ်ထင်လို့လား၊ အဲဒါက ဇာတ်ထဲမှာဝတ်ကြတာပါ၊ ဒီမှာတော့ ဟိုက်ကင်အထာ ဖရီးစတိုင်ပေါ့ ဝတ်ကြတာပါပဲ ”
ဒိုး- ” ဒါနဲ့ ခုနပြောတဲ့အထဲမှာ trainingဆင်းတယ်ဆိုတာ ပါတယ်နာ်၊ ဘယ်မှာဆင်းတာတုံး ”
ပုံ- ” ဒီမှာ တောင်တက်အသင်းရှိတယ်ကွ )”
ဒိုး “အင်း-ဘာရယ်- ဒီမှာ တောင်တက်အသင်းရှိတယ် ??? ”
ပုံ- အေးကွ -နက္ကသိုလ်များ ခြေလျင်တောင်တက်အသင်းပေါ့ကွာ”

“သာပါတယ်ဗျာ” – နတ်ကသိုလ်ဆိုပဲ၊ ကျွန်တော်က ဒိုးနတ် မဟုတ်သေးတော့လိုက်လို့ရပါ့မလား ”

“ရပါတယ်ကွာ” ” ဒီမှာလည်း လူကြီးတွေနဲ့ ခင်ရင် ခရီးစဉ်လိုက်လို့ရတယ်” 😛 ဟု မျက်စိတစ်ဖက်မှိတ်ပြကာပြောလေသည် (ဒါပေမဲ့ မိုက်ပါဘူးကွာ မင့်နတ်ပြည်က- ကွမ်းယာရှာမရဘူး” နတ်ပုံကြီးက ဆက်ပြောရာ

ကိုနတ်ပြား မောင်ဒိုးလူတို့မှာ အတူရယ်ကြလေသည်။

ထိုစဉ် ဗိမာန်တစ်ခုရှေ့၌ ခဏရပ်၏၊ ဂတ်(စ)အိုးများထမ်း၍လေ့ကျင့်နေသော သူကား လိပ်နတ်သားပင်ဖြစ်တော့သည်။ ဝမ်းသာအားရနှင့် ကားပေါ်တက်လာပြီး
“ခုမှ တွေ့ရတော့တယ် ကိုဒိုးရာ” ဟုနှုတ်ဆက်လေသည်။ ” ကိုလိပ်ရဲ့ ကဗျာ တစ်ချို့မိုက်တယ်ဗျ ” ။ သူက ကျွန်တော်ဒီရောက်တဲ့ဖြစ်အင်ကို နတ်မျက်စိဖြင့် ကြည့်ရှူသိပြီးဖြစ်ကာ ဆက်မေး၏ – ကိုဒိုး – ဒင်ဒေါ်ရာဇီ တောင်ပေါ်ကနေ ဝေါကီတော်ကီနဲ့ နိုင်ငံတော် သီချင်းဆိုခဲ့သေးလားဗျ ( ခက်ပြီ- ဒီမေးခွန်းကနိုင်ငံရေးပါသည်- ကျွန်တော်က ) – ကိုလိပ်ရယ်၊ ဓာတ်ခဲကုန်မှာဆိုးလို့ ယို့ယို့-ဝက်စပ်-ဝက်စပ်-ကြက်ချို လို့ပဲ SPOT device နဲ့ သီတင်းပို့ခဲ့ပါတယ် ခုထိတော့ သေကံမရောက်အသက်မပျောက်သေးလို့ ထင်တာပဲ ” ကောင်းတယ်ကိုဒိုးရာ နောက်တက်မဲ့ ချာတိတ်တွေကိုလည်း အဲ့လိုတွေမလုပ်မိဖို့ပြောဗျာ၊ ဒါနဲ့ ကိုဒိုးက အသက်အာမခံလည်းဝယ်ထားတယ် ဟုတ်စ ? ” “ဟုတ်ကိုလိပ်-Fully insure ကျွန်တော့အလုပ်က ဝယ်ပေးထားတာရှိတယ် ခရီးစဉ်အတွက်လည်း ကျွန်တော် ပရီမီယံ တစ်ခုထက်ဝယ်လိုက်ပါတယ်” “ကောင်းတယ်ဗျာ ကိုဒိုး-ကျွန်တော်တို့တုံးကတော့ ။။။။။။။။။။။။။။။။။။ နမိတ်မကောင်းဘူးဆိုလို့ – ဘိုညွန့်တစ်ယောက်ပဲ အာမခံရှိတယ်ဗျ ” သင်ခန်းစာတွေပေါ့ဗျာ ဟဲဟဲ ” ဟု လိပ်နတ်သားက ပေါ့ပါးစွာပြောလေ၏။
ဒါနဲ့ သူတို့အဖွဲ့ နတ်ပြည်ကစူဠာမဏိ စေတီကိုရောက်၏။

အောင်မြေနင်းပြီး စုရပ် “ဒေဝတာ မြို့တော်” ထိပ်က “အားသစ်ဆိုင်” ဆီ ရှေ့ရှူကျပြန်သည်။ ( စာတိုက်ဝင်းထဲမှ အားသစ် လက္ဘက်ရည်ဆိုင်လည်း ပိတ်တဲ့အထဲပါသွားပီး နတ်ပြည်ရောက်ရှာ၏ ) ။ နတ်ကသိုလ်များတောင်တက်အသင်းမှ ဗိုလ်မှူးကြီးလှအောင် ၊ ဆရာကြီး ဦးချစ်ကိုကို ၊ ဆရာဗသန်းဟတ်တို့လည်း လာကြသည်။ ဗိုလ်မှူးကြီးလှအောင်က (Olympus Mons) အိုလံပျာ-တောင်ခြေထိလိုက်ပါ ကွတ်ကဲမည်ဖြစ်၏။ ဟီလာရီ နဲ့ တန်းဇင်း ၊ ဂျော့မယ်လိုရီ နဲ့ အာဗင်း တို့လည်း အုပ်ချုပ်ရေးအဖွဲ့ထဲပါသည်။ ဦးချစ်ကိုကို ၊ ကင်းဒမ်းဝဒ်(Francis Kingdon Ward) နှင့် အမေရိကန် – ဂျိုး – မြွေ သမား Joseph Bruno Slowinski ) တို့ကိုလည်းတွေ့ရသည်။ သူတို့က Olympus Mons တောင်ခြေတစ်ဝိုက်တွင် ရုက္ခဗေဒနှင့် သတ္တဗေဒဆိုင်ရာလေ့လာမှုပြုကြမည်။ RobHall (ရော့ ဟော ) စကော့ဖစ်ရှာ စတဲ့ ဧဝရတ်ကို ကောမာရှယ်ဖြစ်အောင်လုပ်ခဲ့သူတွေလည်း အဖွဲ့တွင် ပါသည်။ ဟီလာရီ နဲ့ တန်းဇင်း က RobHall (ရော့ ဟော ) စကော့ဖစ်ရှာ ကို သိပ်မကြိုက်ပေ၊RobHall တို့အဖွဲ့ နောင်တွင် အင်္ဂါဂြိုလ်Olympus Mons တိုး packageများရောင်းစားမည့်အရေးကို တွေးပူပုံရသည်။ သို့သောချန်မထားဖြစ်ခဲ့ – ဂျော့မယ်လိုရီ နဲ့ အာဗင်း က ဟီလာရီ နဲ့ တန်းဇင်းထက် ဧဝရတ်ကို အရင်ရောက်တယ်ဆိုပြီးအမြဲငြင်းသဖြင့် ဒီတစ်ခေါက်တော့ မယ်လိုရီ – အာဗင်း- ဟီလာရီ -တန်းဇင်း ၄ဦးတွဲကာ မြန်မာ တောင်တက်သမား ကိုကြောင်-ကိုပုံ-နံပြား-လိပ်ကြီး တို့နှင့်အတူတက်ကြမည်ဖြစ်သည်၊ နောက်တိုး ကျွန္နုပ်- ဒိုးနပ် ကိုကား ခုမှရောက်လာသူဖြစ်သဖြင့် ပလစ်လို၏၊ နောက်ဆုံးမှာမှ အင်တင်တင်နှင့်ပင်လိုက်ခွင့်ပေးလေ၏။

ကိုဆက်မော် ကား အိုလံပျာ ခရီးသို့မလိုက်သော်လည်း – နတ်သမီးများအားဦးဆောင်ကာ အန္တရယ်ကင်း/အောင်မြင်ရေးတေးများ ဆိုကာနေ၏ ( ခရီးကအပြန်ဧည့်ခံရေး၊ လာမည့်သင်္ကြန်နတ်ဒိုး/နတ်ယိမ်း စသည်တို့နှင့် အလုပ်ရှုပ်ဦးမည်ဖြစ်၍ ကိုဆက်မော် နေခဲ့ခြင်းဖြစ်သည်) Yasuko Namba ယာဆူကို နမ်းဘား နဲ့ အိုဇာကီ တို့ ဂျပန်နှစ်ယောက် ဂျပန်လိုတွတ်ထိုးကာ ပါလာကြသည်၊ သူတို့လည်းတက်မည်ဖြစ်၏။

ကိုကြောင်လေးကားအစောအလျင်ဘုရားတွင်ရောက်ရှိကာ တရားထိုင်နေ၏။ ခုမှ အားသစ် တွင် နှုတ်ဆက်ရတော့သည်။ တက္ကသိုလ်များမှသည် နတ္ကသိုလ်များသို့ရောက်လာသော နတ်ဟိုက်ကာတိုင်းအရင်ဆုံးမေးကြသည်ကား – ဆရာမျိုး နေကောင်းကျန်းမာရဲ့လား ၊ ဒူးဒဏ်ရာသက်သာလား ဟူ၍ပင်ဖြစ်၏။ ထို့နောက် သူက သူ့ဇနီးနှင့် သမီးလေးအားလည်းမေး၏ ၊ ကျန်းမာကြောင်း အဆင်ပြေကြောင်းပြောပြရ၏။

ထိုစဉ်တွင် ” နင်ရောက်တယ်လို့ ကိုပုံကြီး ကပြောလို့ လာခဲ့တာ ”
ဟုပြောသည်။ ရုတ်တရက် မမှတ်မိ။ သေသေချာချာ ကြည့်တော့မှ
” ဟင် တီချယ်၊ ကြည့်စမ်း၊ ရုတ်တရက် မမှတ်မိဘူး၊ အသားတွေဖြူပြီး ပိုချောလာတယ် ” သူကား ဘော့တနီမှ ဆရာမလေး တီချယ်နီလာ ပင်တည်း။
“ချယ် နတ်သား တဖက် ၅၀၀ နဲ့ စံပယ်နေတာလား” ဟုနောက်လိုက်ရာ ” ကလမ-ဒိုးလုံးမ- အကျင့်ဆိုးတွေမပျောက်သေးဘူး” ဟုဆိုကာရယ်နေလေ၏။ ကောင်းကောင်းသွားကြလာနှုတ်ဆက်တာဟုဆိုကာ ပျောက်ကွယ်သွားလေ၏။ ထိုအခိုက်အနားသို့ ထူးဆန်းသော နတ်သားတပါးကြွလာချေ၏၊
နေကာမျက်မှန်ကိုဆင်မြန်းကာ မျက်နှာသနပ်ခါးအဖွေးသားနှင့် ပခုံးကိုလာပုတ်၏။
“ဒိုးလုံး နင့်ကိုငါပြောမယ်ကွ၊ ငါပြောစရာတွေအများကြီးရှိပါတယ်၊
နင်က သီချင်းဆိုဖို့မစဉ်းစားပါနဲ့ ၊ ငါပြောပြမယ်ကွ၊ နောက်လာမည့် ခရီးကျရင် ငါအကုန်လုံး ပြောပြမယ်နော်။ ဟားဟားဟား” ဆိုသောအသံရှင်ကား နတ်သားကြီး-ကိုကြမ်းပိုး (ထွေးအောင်) ဖြစ်လေသည်။ ကောင်းကောင်းသွားရန်မှာလိုက်၏။ လမ်းတွင်လိုရင်ထုတ်ရှူရန် ပူစီပေါင်းထဲ စာအုပ်ရောင်းပြီး ထည့်ပေးလိုက်၏။

( အင်္ဂါ ဂြိုလ်က Olympus Mons အိုလံပတ်မွန့်(ခေါ်) အိုလံပျာ တောင်ကို သွားတက်ကြတော့မည်- ) သူတို့ “ဒေဝတာ မြို့တော်” ထိပ်က “အားသစ်ဆိုင်” မှ စထွက်ခဲ့ကြသည်။
ကိုနံပြား၏ Mark-II 4wheel-drive ကြီးတစ်စီးထဲတွင် အင်တာနေရှင်နယ်-နတ်ကသိုလ်များတောင်တက်အဖွဲ့သားအားလုံးလိုက်ပါလာခြင်းဖြစ်၏။ ။ သိပ်မကြာလိုက်ပေ၊ အင်္ဂါ ဂြိုလ်ကိုရောက်၏။ အမြင့်မီတာ နှစ်သောင်းတစ်ထောင်ကျော် (ပေ ခြောက်သောင်းကိုးထောင် ကျော် (21,229 m (69,649 ft) မြင့်တဲ့ အိုလံပျာတောင်မို့ ကိုယ်လန့်မိသည်၊ အောက်စီဂျင်ပါးပြီး ရင်ကျပ်နေမှာကို ပူမိသည်၊ ကိုကြောင်လေးက စိတ်ပူရန်မလိုကြောင်းပြော၏။ ကိုပုံကြီးက နတ်ပြည်က နတ်ဟိုက်ကာများ ရောင်းသည့် စာအုပ်ကို ရှူပါက မမူးမော်တော့ကြောင်းပြော ၏၊ ကိုကြမ်းပိုး ၏ပူစီပေါင်းထဲမှစာအုပ်ကား အသုံးတည့်လေပြီ။
စီးတော်ယဉ်ကောင်းမှူဖြင့် တောင်ခါးပန်းထိတက်ရ၏၊ တောင်ထိပ်ထိမောင်း၍ရနိုင်သော်လည်း တောင်တက်ခရီးပီပီ လမ်းလျှောက်ကြဖို့ပြင်ကြ၏။ များမကြာမီပင် အိုလံပျာရှိ ဒယ်အိုးစောက်ပုံစံ တောင်ထိပ်သို့ရောက်လေ၏။ ထိုစဉ်ရာသီဥတု ဆိုးရွားလာသည်လားမသိ။ လေနီများနှင့်အတူ ဖုတ်ထူထူလေကြီးဝေ့ဝိုက်တိုက်ခက်လေ၏၊ နတ္ကသိုလ်တောင်တက်သမားများမှာ နတ်တို့တန်ခိုးဖြစ်ပြန်နိုင်သောလည်း ပူစီဖောင်းထဲက စာအုပ်ကို ရှူပြီးတက်ခဲ့သော ကျွန္နုပ်ကား မလွယ်ချေ။ နောက်ဆုံးကျည်စံကိုထုတ်သုံးရပေတော့မည်။ ကိုယ့်အား နတ်အင်မဂရေးရှင်း အိန်ဂျယ်ကြီး နဲ့ ညှိထား သည့်အတိုင်း အိမ်ပြန်ဂါထာ
အာ တီ ယူ။။။။။။။။သိသောက် ။။။. မွိုက်ကေ ( အာတီယူ သိသောက် မွိုက်ကေ ) ဟု ရင်ခေါင်းသံကြီးဖြစ် ရွတ်ဆိုလိုက်မိတော့ပေသည်။

” ဟော သတိရပြီထင်တယ် ”
” ဟုတ်တယ်၊ ဟုတ်တယ်၊ တစ်ခုခု ပြောနေတယ် ”
လေနီများ မီးခိုးများ ပြယ်စပြုလာသည်။ မြင်ကွင်းသည် တစ်စတစ်စ ကြည်လင်လာ၏။ တစ်စုံတစ်ယောက်က ကိုယ့်လက်ကိုလာကိုင်သည်။
မျက်စိ ဖွင့်ကြည့်လိုက်၏။ ပေါင်သားရယ် ချစ်ဇနီး၏ မျက်နှာကို မြင်ရသည်။ ပြီးတော့ နားကြပ်ကို လည်ပင်းတပ်ပြီး ဖေ့စဘုတ်ပွတ်နေသော ဆရာဝန်တစ်ယောက်။ သူဆေးရုံပေါ်ရောက်နေခြင်း ဖြစ်၏။
” ကျွန်တော် ဘာဖြစ်သွားတာလဲ ”
သူက မေးသည်။ ဆရာဝန်က… ” ခင်ဗျား တောင်ပေါ်မှာ ၃ရက်လောက်ပျောက်ပြီး မေ့နေလို့ ကယ်ဆယ်ရေးအဖွဲ့က ခက်ခက်ခဲခဲကယ်ထုတ် လာတာပဲ။ မသေကောင်းမပျောက်ကောင်းဗျာ”

ဇနီး-ပုံ့ပုံ့ ကလည်း – တောင်တက်လောကသား တွေက ရှင့် Status ကိုတွေ့ကြတယ် ( ကျူမီးငါး ဆိုတဲ့ စတေးတပ် နဲ့ လိုကေးရှင်းအတိုင်း လိုက်ရှာကြရင်း ပြန်တွေ့လို့ ) ဟုထပ်ဖြည့်သည်။
ကျွန်တော့statusများတွင် commentများဝင်ဝုံးနေသော ZwePatiya မှာcomment replyမရသဖြင့် ကယ်ဆယ်ရေးအတွက်ပြင်ခဲ့ကြောင်း။ location သိသိချင်း ဘန်ကောက်မှစင်းလုံးငှါး ဟယ်လီကောပတာဖြစ်ရောက်လာကြပြီး ကယ်ယူသည်ဟူသတတ်။ ( Wilderness Medical Technician) WEMT တက္ကနီရှင် နှစ်ယောက် ဖြစ်တဲ့ Thinpapa Cool​ သင်းပပဝက်လေး နဲ့ လိမ်ကျစ် Zwe Patiya​ တို့ နှစ်ယောက် အတင်း CPR တွေလုပ်သဖြင့် အက်ရုံသာအက်နေသော နံရိုးများထဲမှ နံရိုးတစ်ချောင်းကျိုးသွားကြောင်းကိုပါ သိလိုက်ရသည်။

အနားမှ ဝိဝီ WP Htaik​ ကလည်း – “နင် မေ့မြောနေတုံး ကိုဗလကြီး Lin Htet Aung​ နဲ့ လူလူကျော်တင်ဦး တို့ လူနာလာကြည့်တယ်။ ”
” မပြောကောင်းမဆိုကောင်း ပြန်သတိရမလာတော့ရင် ကျန်ခဲ့တဲ့ ဂီယာလေးတွေကို အမွေခွဲဖို့ အမီလာတာတဲ့ ” ။
ကိုရဲမင်း လည်းလာသွားတယ်။ Climber Poe Pin​ ဖွန်ချုပ်လည်းလာကြည့်ရှာတယ် ၊
” ဒင်ဒေါ် တောင်တက်တဲ့လမ်းကြောင်းသေချာမမေးလိုက်ရလို့တဲ့ စိတ်ထိခိုက်နေရှာတယ်။ ” :v

ဪ ဟုတ်လား- ငါက နတ်ကသိုလ် တောင်တက်အသင်းကို ခဏရောက်နေတာ – ကိုပုံကြီးတို့ ကိုနံပြားတို့နဲ့ အိုလံပျာတောင်တက်ခဲ့သေးတယ်
အနားမှ ပုံ့အပါအဝင် ဘော်ဒါများ မျက်လုံးအနည်းငယ်ပြူးသွား၏။ ဆရာဝန်ကို အဓိပ္ပါယ်ပါပါ မော့ကြည့်သည်။ ဆရာဝန်က….
” ခင်ဗျား အေးအေးဆေးဆေး အနားယူလိုက်ပါဦး၊ ကျွန်တော် ဆေးတစ်လုံးထိုးပေးမယ် ”
ဟု ပြောသည်။
” ကျွန်တော် အခုရောက်နေတာ ဘာဆေးရုံလဲဟင် ”
ဆရာဝန်က ” ဒါရွာသာကြီး စိတ်ရောဂါ အထူးကုဆေးရုံလေ ”
ဆရာဝန်ကဆေးတစ်လုံး ထိုးပေးသည်။ ခဏအကြာတွင် သူပြန်အိပ်ပျော်သွားသည်။ နတ်ကသိုလ်များနှင့် အိုလံပျာ တောင်ကိုထပ်ရောက်မလား၊ဒင်ဒေါ်ရာဇီရောက်မလားတော့ တပ်အပ်မပြောနိုင်ပါချေ။

————————————————————————–

(ကွယ်လွန်လေပြီးသော တောင်တက်သမားများကို အမှတ်တရရှိကြစေရန် အလွမ်းပြေ ရေးလိုက်ခြင်း ဖြစ်ပါသည်။)

နယ်စည်းမခြားလူပေါကြီးများ ဖေ့စဘုတ်-
ဒိုးလူ – ဧပြီ ၂၀၁၅ – (ခေတ္တ-နတ္ကသိုလ်များတောင်တက်အဖွဲ့)

Advertisements
This entry was posted in Fiction, Memorial and tagged , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s